သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ဖွဲ့ရေး ကိစ္စ NLD ပါတီခေါင်းဆောင်တွေ ဆွေးနွေးဆဲ


အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောခွင့်ရ ဦးဉာဏ်ဝင်း ။ (ဇန်နဝါရီလ ၄ရက်နေ့၊ ၂၀၁၆)
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောခွင့်ရ ဦးဉာဏ်ဝင်း ။ (ဇန်နဝါရီလ ၄ရက်နေ့၊ ၂၀၁၆)

အစိုးရသစ် ဖွဲ့စည်းရေး၊ လွှတ်တော်ပိုင်း ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အစည်းအဝေး တရပ်ကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှင်းဆီ စံအိမ်မှာ ဒီကနေ့ ကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ တက်ရောက်တဲ့ အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်တော့ မချခဲ့ဘူးလို့ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်း ကပြောပါတယ်။

မကြာခင်သီတင်းပတ်တွေအတွင်း သက်တမ်းအသစ်စတင်မယ့် လွှတ်တော်တွေ အတွက် လည်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်နေကြပါပြီ။ သူတို့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူလူထု စိတ်မပျက်စေရပါဘူး လို့ ရွေးကောက်ခံ NLD လွှတ်တော်အမတ်တဦးက ကတိပေး ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရသစ်တရပ်ဖွဲ့စည်းခွင့်ရနိုင်တဲ့အထိ မဲရလဒ် အပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အစိုးရသစ် ဖွဲ့စည်းရေးအတွက် အရေးပါတဲ့ဆွေးနွေးချက်တွေကို ဒီကနေ့ နေပြည်တော်မှာ စည်းဝေးဆွေးနွေးခဲ့ကြပါတယ်။

အစိုးရသစ်နဲ့ လွှတ်တော်သစ် ဖွဲ့စည်းရေးနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အရေးပါတဲ့ ဆွေးနွေးချက်တွေကို ဗဟိုအလုပ်အမှုဆောင်တွေ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း နေပြည်တော်က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် NLD ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

"အစည်းအဝေးမှာကတော့ အခုအချိန်မှာ အစိုးရဖွဲ့စည်းရေး၊ လွှတ်တော်ဖွဲ့စည်းရေး၊ ဒီ Subjects တွေ အကုန်ပါတာပေါ့နော်။ ဒီကနေ့ ဆွေးနွေးတာ။ သို့သော် ဆုံးဖြတ်ချက်အနေနဲ့တော့ မချဘူး။ ဆုံးဖြတ်ချက်မချတဲ့အတွက် အန်ကယ်လ်တို့က အသေးစိတ်တော့ ပြောလို့မရပါဘူး။"

အခုလိုမျိုး အစိုးရဖွဲ့စည်းနိုင်ရေး အရေးတကြီး ဆွေးနွေးနေကြချိန်မှာပဲ လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျင်းပတော့မယ့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေအတွက် ကိုယ်စားလှယ်အရေအတွက်အများဆုံး ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်တက်ဖို့ ပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

"ဒီက လွှတ်တော်ရုံးကပဲ သူတို့ နေရေးထိုင်ရေး ကိစ္စတွေ၊ ဘာတွေ သူတို့ပြင်ဆင်နေတယ်။ နောက် လုပ်ထုံးလုပ်နည်းတွေ ဘာတွေ စာအုပ်တွေ ပေးမယ်။ အဲ့တာတော့ သိတယ်။"

လွှတ်တော်တွင်း တိုင်းပြည်နဲ့ပြည်သူ အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ဆောင်ရွက် သွားကြမှာဖြစ်တယ်လို့လည်း NLD ဗဟို အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

"လွှတ်တော်တက်ဖို့ရာအတွက် ၂၅ရက်ထက် မစော၊ ၂၆ရက်နေ့ ထက် နောက်မကျပဲ လွှတ်တော်ကို သတင်းပို့ဖို့ အကြောင်းကြားထားပါတယ်။ လွှတ်တော် ဒုတိယအကြိမ်သက်တမ်း၊ ပထမဆုံး အစည်းအဝေးပေါ့လေ။ ကျနော်တို့က ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို Capacity Building ပေါ့နော် ကျနော်တို့ အဲ့တာတွေ လုပ်ထားပါတယ်။

ဒီလွှတ်တော် ဒုတိယသက်တမ်းမှာ ဆိုလို့ရှိရင် ယေဘူယျအားဖြင့် ပြောမယ်ဆိုရင် ငါးနှစ်သက်တမ်းလို့ ပြောသော်လည်းပဲ တကယ်အချိန်က လေးနှစ်ခွဲလောက်ပဲ ရတာပေါ့လေ။ အဲ့တော့ ကျနော်တို့ လုပ်ပေးနိုင်တာ ရေတိုကာလမှာ အဖြေရနိုင်တဲ့ အဖြေရနိုင်တဲ့ဟာတွေကို လုပ်ငန်းတွေ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ကို ဆောင်ရွက်ပါ့မယ်။

ကျနော်တို့ ပြည်သူလူထုကို သူတို့ပေးခဲ့တဲ့ မဲအတွက် စိတ်မပျက်စေရပါဘူးလို့ပဲ ဒီလို အမှာစကားလေး ပါးချင်ပါတယ်။"

အခုအချိန်မှာတော့ အစိုးရဖွဲ့စည်းနိုင်ရေး၊ လွှတ်တော်အရေး စသဖြင့် နေပြည်တော် မှာ NLD ဘက်က ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေကြပေမဲ့ လို့ အသေးစိတ်အချက်အလက်တွေကို အတိုက်အခံပါတီဘက်က တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

လက်ရှိအစိုးရဘက်ကတော့ အာဏာလွှဲပြောင်းရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်မယ် လို့ သမ္မတဦးသိန်းစိန်ဘက်က ကတိပေးပြောဆို ထားသလို လက်ရှိအခြေအနေမှာလည်း အနိုင်ရ NLD ပါတီ တာဝန်ရှိသူတွေနဲ့ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရဘက်က တာဝန်ရှိသူတွေ ဟာ နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါတယ်။

အာဏာစနစ်တကျလွှဲပြောင်းရေးအတွက် အစိုးရဘက်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြုကော်မတီ မှာ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ပါဝင်ပြီး NLD ဘက်ကတော့ ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ နဲ့ ဒေါက်တာမျိုးအောင်တို့ ပါဝင်ပါတယ်။

အစိုးရဖွဲ့စည်းနိုင်ရေးနဲ့တပြိုင်နက်တည်း လွှတ်တော်တွင်း လွှတ်တော် လုပ်ငန်းရပ်တွေ ပြောင်းလွှဲနိုင်ရေး အတွက်ကိုလည်း လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့လည်း မကြာခဏ ဆိုသလို တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG