သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအရေး NLD နဲ့ တိုင်းရင်းသား အဖွဲ့တွေ ဆွေးနွေး


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်။
စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် ဒါကို ပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီကနေ့ဆွေးနွေးကြတဲ့ထဲမှာ အဓိက သမ္မတရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ လွှတ်တော်တွင်း တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာလို့ ဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဗွီအိုအေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတာ သီတင်း ၃ ပတ်ရှိခဲ့ပြီး ဒီကနေ့ စနေနေ့မှာ ထပ်ပြီးဆွေးနွေးဖို့ရှိတယ်လို့ မကြာသေးခင်က သွားရောက်ခဲ့တဲ့ ချက်သမ္မတနိုင်ငံ ခရီးစဉ်အတွင်းမှာ အခုလို ပြောခဲ့ပါတယ်။

“ကျမတို့ဘာလုပ်သင့်သလဲ၊ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်သလား အစအဆုံး အသစ်ပြန်ရေးသင့်သလား၊ ဘယ်တွေ ရိုက်ခတ်မှုရှိမလဲစတာတွေကို ထည့်ပြီး စဉ်းစားကြရမှာပါ။ ကျမပြောခဲ့ပြီးသားပါ ပြင်မယ်ဆိုရင် စစ်တပ်ရဲ့ထောက်ခံမှု ရမှဖြစ်မှာပါ။ စစ်တပ်ကမထောက်ခံဘဲ ပြင်ဖို့မဖြစ်နိုင်ပါဘူး။ အသစ်ပြန်ရေးဖို့ အတွက် ကန့်သတ်ထားချက်မရှိပါဘူး။ ဒါ့ကြောင့် အသစ်ပြန်ရေးမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို သေသေချာချာ ဆန်းစစ်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုဖျက်သိမ်းပစ်ရမှာလား၊ ကြားဖြတ်အစိုးရဖွဲ့ရမှာလား၊ အဲဒါတွေကို ဘယ်လိုအကောင်အထည်ဖေါ်ကြမလဲ။ ဒါ့ကြောင့် ကျမတို့အနေနဲ့ အဖက်ဖက်ကဖြစ်နိုင်ချေတွေကို ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က သွားရောက်ခဲ့တဲ့ ချက်သမ္မတနိုင်ငံခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့တာပါ။ ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ NLD ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီနဲ့ UNA ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့တို့ရဲ့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲမှာတော့ အဓိကအားဖြင့် ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းရေးဆွဲထားတဲ့ သမ္မတရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ လွှတ်တော်တွင်း တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ အပိုင်း ဒါတွေကို ဘယ်လိုပြင်ဆင်ကြမလဲ ဆွေးနွေးခဲ့ကြတဲ့အကြောင်းကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇာန်မုံ က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိကပိုင်းတော့ အာဏာခွဲဝေမှုမှာ ကာချုပ်က သမ္မတအပေါ်ရောက်နေသလို မြင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကာချုပ်က တိုင်းပြည်အခြေအနေ တစ်ခုခုဖြစ်တယ်ဆိုရင် သူက အာဏာပြန်သိမ်းလို့ရတဲ့ သဘောပေါ့ဗျာ။ သူက အဲလို သဘောဆောင်တဲ့ အပိုဒ်တွေ ပါတယ်လေ။ ဒါကြောင့် သူက လိုရင်လို သလိုပေါ့ - အာဏာသိမ်းခွင့်ရှိတယ်၊ ပြီးတော့ တပ်မတော်သားတွေက ၂၅ % ယူထားတဲ့ဟာတွေပေါ့။ အဲဒါတွေက ဒီမိုကရေစီနဲ့ မကိုက်ညီလို့ ကျနော်တို့က ဆွေးနွေးတာပါ။”

ဒါပေမဲ့လည်း ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ပြင်ဆင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်မချနိုင်ခဲ့သေး ဘူးလို့ ဦးဇာန်မုံက ပြောဆိုခဲ့ပါတယ်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့အထိ ဆက်လုပ်သွားဖို့ရှိတယ်လို့ ပြောဆိုခဲ့ဖူးပါ တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလောလောဆယ် စင်္ကာပူနိုင်ငံကို တရားဝင် ၄ ရက်ကြာခရီး ရောက်ရှိနေတဲ့အတွက် ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးကိုလည်း တက်ရောက်နိုင်ခဲ့ခြင်းမရှိသလို UNA အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တချို့ကလည်း တောင်ကြီးမှာ ကျင်းပနေတဲ့ တိုင်းရင်းသားညီလာခံမှာ ရောက်ရှိနေတဲ့အတွက် တက်ရောက်နိုင်ကြခြင်းမရှိပါဘူး။

ဒါ့အပြင် အခုလို စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စ NLD အနေနဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးလာတဲ့ အဓိက အကြောင်းရင်းနဲ့ ပတ်သက်လို့လည်း - ဦးဇာန်မုံ က အခုလို ဆက်ပြောပြပါတယ်။

“ဒေါ်စုလည်း သူပြောသွားတာကတော့ လွှတ်တော်မှာ ပြင်ချင်တဲ့လူနဲ့ မပြင်ချင်တဲ့လူနဲ့ဖြစ်နေတော့ လွှတ်တော်မှာလည်း ဘာမှ လုပ်လို့မရတော့ လွှတ်တော်ပြင်ပပေါ့ဗျာ-အင်အားကို စုစည်းပြီးတော့ လုပ်ချင်တဲ့သဘောနဲ့ ကျနော်တို့ကို ဖိတ်ခေါ်တာပါ။”

ဒီကနေ့ ဆွေးနွေးပွဲကိုတော့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကမာအမျိုးသားပါတီ၊ ကမန်တိုးတက်ရေးပါတီ၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG