သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဦးဆောင်တဲ့ တနိုင်ငံလုံး အမှိုက်ကောက် လှုပ်ရှားမှု


NLD ဦးဆောင်တဲ့ အမှိုက်ကောက်လှုပ်ရှားမှု- သတင်းဓာတ်ပုံ Credit to Soe Than Oo FB.
NLD ဦးဆောင်တဲ့ အမှိုက်ကောက်လှုပ်ရှားမှု- သတင်းဓာတ်ပုံ Credit to Soe Than Oo FB.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုံ့ဆော်မှုနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ် တိုင်းအသီးသီးမှာ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ အမှိုက်ကောက် လှုပ်ရှားမှု ဒီကနေ့ စတင်လိုက်ပါတယ်။ မိမိပတ်ဝန်းကျင်၊ မြို့နယ် ရပ်ကွက် သန့်ရှင်းရေးကနေ စတင်တဲ့ လူနေမှု စနစ် အခြေခံ အပြောင်းအလဲမှာ ပြည်သူလူထုနဲ့အတူ သက်ဆိုင်ရာ စည်ပင်တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ အမှိုက်ကောက်လှုပ်ရှားမှုမှာ ပါဝင်သူတွေကပြောပါတယ်။ ဒီဇင်ဘာ ၁၂ရက်နဲ့ ၁၃ရက်- နှစ်ရက် ဆက်တိုက် လူထုပါဝင်တဲ့ စုပေါင်း အမှိုက်ကောက် လှုပ်ရှားမှုနဲ့ပတ်သက်လို့ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်တဲ့အထိ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်သစ်တွေကို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ရဲ့ မဲဆန္ဒနယ်တွင်းက အမှိုက်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ဖို့ လမ်းညွှန်ခဲ့တဲ့အတွက် ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ကစလို့ မြန်မာနိုင်ငံတဝှမ်း ပြည်နယ်၊ တိုင်းအသီးသီးတွေမှာ စုပေါင်း အမှိုက်ကောက် လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။

ဒီကနေ့မှာတော့ ကရင်ပြည်နယ်တွင်း သံလွင်မြစ်ကြောင်းတလျောက် ဘားအံ၊ လှိုင်းဘွဲ့ ၊ ကော့ကရိတ် ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန် သံတောင် စတဲ့ မြို့နယ်တွေမှာ စုပေါင်း အမှိုက်ကောက်ခဲ့ကြပါတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ ဒေါ်စုကတော့ ဆယ့်ငါးရက် တခါ၊ တစ်လ တခါ အနည်းဆုံးတော့ ကောက်ပေးစေ ချင်တယ်ပေါ့နော်။ ဒီနေ့ဆို အန်တီတို့လည်း သံလွင်မြစ်ရိုး တလျောက် ကောက်တာ။ အမလေး ကောက်လိုက်ရတာ နည်းတဲ့ အမှိုက်တွေ မဟုတ်ဘူး။ နှစ်ပေါင်းများစွာက အမှိုက်တွေပေါ့နော်။ အန်တီတို့လည်း သယ်တဲ့ဟာတွေက သယ်ရတယ်။ အမှိုက်ကောက်တဲ့အဆင့်တောင် မဟုတ်တော့ဘူး အမှိုက်တွေ ကျုံး ကျုံးပြီး အမှိုက်ပုံကြီးတပုံလုံးကို အန်တီတို့ ကျုံးတာ။ သံလွင်မြစ်ရိုးမှာ တဝက်လောက် နီးနီးတော့ ပြီးသွားတယ်။

အန်တီတို့ ကောက်တာလေ အမှိုက်ပုံထဲမှာ ကျည်ဆံတွေတောင် ကောက်ရတယ်။ ရဲစခန်းကို အကြောင်းကြား၊ သက်ဆိုင်ရာကို အကြောင်းကြားပြီး ပေးလိုက်တယ်။ ကျည်ဆံဆိုတာလည်း ကျည်ဆံ သေးသေးလေး မဟုတ်ဘူး ကျည်ဆံအကြီးကြီးတွေ ကိုးမမ ကျည်ဆံ။

အဲ့ဒီ့သံလွင်မြစ်မှာဆိုရင် ကုန်းစောင်းလေးတွေ လုပ်ထားတယ်။ အဲ့ဒီ့အမှိုက်တွေက အဲ့ဒီ့ကုန်းတွေမှာ အကုန်ပစ်ထားတယ်။ သံလွင်မြစ်ထဲကို ပစ်တာ မြစ်ထဲကိုလည်း မရောက်ဘူး။ အဲ့ဒီ့မြစ်ကမ်းနဖူးက ကြည့်လိုက်လို့ရှိရင် ဘယ်လိုမှ မလှဘူးလေ။ ကြည့်လိုက်လို့ရှိရင် မြစ်ကမ်းနဖူးက အမှိုက်တွေချည်းပဲ။ မြစ်ကမ်းနဖူးက အရင်ကောက်တာ။

ကျမကတော့ လူထုကိုပြောချင်တာက ကျမတို့ သန့်သန့်ရှင်းရှင်းလေး နေကြ ရအောင်ပေါ့နော်။ လူနေမှုအဆင့်အတန်းအားဖြင့် ကြည့်ရင်လည်း သန့်ရှင်းတယ် ဆိုတာ ကောင်းတယ်ပေါ့နော် ကျမ အဲ့တာကို နဂိုကတည်းက ဖြစ်စေချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်ချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်မှုနဲ့ စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုမှာ ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်ကြသလို စစ်ကိုင်းတိုင်းအတွင်းမှာလည်း အမှိုက်ကောက် လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ဖို့ရှိတယ်လို့ ပုလဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်တာပါ။ ဒီနေ့လေ ၁၂ရက်၊ ၁၃ရက်ကို တော့ နှစ်ရက်စလုံး အကုန်လုံး အမှိုက်ကောက်ဖို့ ကျမတို့ စီစဉ်ထားတာပါ။ မုံရွာလည်း ကောက်ပါတယ်။ ကျမတို့နား နီးစပ်ရာတွေပေါ့နော်။ ဆားလင်းကြီးတို့ ယင်းမာပင်တို့လည်း ကောက်ပါတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေ လည်း ကောက်တယ်လို့ သိရပါတယ်။

လူထုတွေအနေနဲ့ ဒီလိုမျိုး လုပ်တာကို သူတို့ သဘောကျ ကျေနပ်ကြပါတယ်။ ဒီလိုမျိုး ဆောင်ရွက်တာကတော့ ကျမတို့တိုင်းပြည်မှာ အလေ့အကျင့်ကောင်း တရပ်အနေနဲ့ ပါတီမဝင်တဲ့ တခြား ဒေသခံ ပြည်သူလူထုတွေကလည်း အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါတယ်။

ကျမ မနက်က ရောက်သွားတဲ့အခါကျတော့ စည်ပင်သာယာက တွန်းလှည်းတွေနဲ့ အကုန်လုံး လိုက်ပြီးတော့ ဝန်ထမ်းတွေကလည်း ကျမတို့နောက်ကနေ သူတို့ကိုယ်တိုင် လိုက်ပြီးတော့ တံမြက်စည်းလှဲ အမှိုက်ကျုံးတာတွေ လုပ်ပါတယ်။ ပြည်သူလူထုရော မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေနဲ့ကရော ပူးပေါင်းပါဝင်တာကို ကျမတို့ တွေ့ရပါတယ်။ “

ရန်ကုန်တိုင်း ရပ်ကွက်တွေတွင်း ရေနုတ်မြောင်းတွေ၊ အမှိုက်ပုံတွေ၊ ခြုံနွယ်တွေကို လူထုက ဝိုင်းဝန်း ရှင်းလင်းခဲ့ကြတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ရန်ကုန်မြို့ခံ ကိုစိုးမိုးက ပြောပါတယ်။

“ကျနော်က သင်္ဃန်းကျွန်းဆိုတော့ ကျနေ်ာတို့က ၁၂၊ ၁၃ ဆိုပြီးတော့ လုပ်လိုက်ပြီးတော့ ရပ်ကွက်တွေထဲမှာ အရင်ဆုံး ရှင်းလင်းတာပေါ့နော်။ ရသလောက် ကျနော်တို့ မြို့နယ်မှာ ရပ်ကွက်တော်တော်များများ ပြည်သူတွေလည်း ပါပါတယ်ခင်ဗျ။ ကျနော်တို့ အများသုံးလမ်းတွေ၊ အများသွားလာတဲ့ လမ်းမကြီးတွေ အဲ့ဒီ့လမ်းမကြီးတွေကို အရင်ရှင်းတယ်ခင်ဗျ။ ပြီးတော့ ကျနော်တို့ ရေကန်ဘေးတို့၊ အများသုံး ရေကန်ဘေးတို့၊ မီးသန့်ကန်ဘေးတို့ အဲ့လိုမျိုး နေရာတွေရှင်းတယ်ခင်ဗျ။ ကျနော်တို့တွေ အမှိုက်ပုံတဲ့နေရာကအစ ရှင်းလိုက်တယ်။ ပြည်သူတွေ အမှိုက်တွေ ပုံထားတဲ့နေရာတွေရှိတယ်။ အမှိုက်မပုံရတဲ့နယ်မြေတွေမှာ ပုံထားတယ်၊ အဲ့တာလည်း အကုန် ကျနော်တို့ ရှင်းလိုက်တာရှိတယ်။

အဲ့ဒီ့မှာ တခု ကျနော်တို့ ကောင်းတာကလေ ကျနော်တို့နဲ့အတူတူ မြို့တော် စည်ပင်သာယာရေး က ပူးပေါင်းပါဝင်ပေးတယ်ခင်ဗျ။ ကျနော်တို့ရဲ့ ရလဒ်ပေါ့နော်။ ဆွဲခေါ်တဲ့နေရာမှာ ပါလာတာပေါ့နော်။ အဲ့တာ အရမ်းကောင်းတယ်ခင်ဗျ။ သူတို့ ကူညီပေးတယ်ခင်ဗျ။ ကားနဲ့လည်း ကူညီပေးတယ်။ လူနဲ့လည်း ကူညီပေးတယ် ကျနော်တို့ကို။”

အခုလို အမှိုက်ကောက်၊ အမှိုက်ရှင်း လှုပ်ရှားမှုတွေမှာလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်တာဝန်ရှိသူတွေဘက်က ပူးပေါင်းပါဝင် ကူညီခဲ့တယ်လို့ပြောပါတယ်။

ဒီကနေ့ နိုင်ငံတဝှမ်း စတင်တဲ့ အမှိုက်ကောက် လှုပ်ရှားမှုမှာ ရုပ်ရှင်၊ ဂီတ၊ စာပေလောကက အနုပညာရှင်တွေကလည်း ဝိုင်းဝန်းပါဝင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးမှာ သန့်ရှင်းရေးကစလို့ စည်းကမ်းပိုင်း ဆိုင်ရာအထိ နိုင်ငံတကာအဆင့်မှီဖို့ အခြေခံ စိတ်ဓာတ်ပိုင်းကအစ အများကြီး တည်ဆောက်ပြုပြင်ကြဖို့ လိုသလို ပြည်သူလူထုကလည်း ပြုပြင်ပြောင်းလဲရေးမှာ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ကြတာ တွေ့ရတယ်လို့ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

“ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းရေး ကလည်း လိုအပ်တာပဲ။ ကျမတို့ တိုင်းပြည်က နိုင်ငံတကာနဲ့ ယှဉ်လို့ရှိရင် အများကြီး တည်ဆောက်ရဦးမှာ။ စည်းကမ်းပိုင်းဆိုင်ရာ ကအစ ဒီလိုမျိုး အစပျိုးပေးတယ်လို့ ကျမက မြင်ပါတယ်။ အမေ Organized လုပ်နိုင်တဲ့ဟာရဲ့ ပြရုပ်ဖြစ်သလို တိုင်းပြည်ကို စပြီးတော့မှ ဦးဆောင်မယ်ဆိုတဲ့ နေရာမှာ လိုအပ်တာတွေကို လုပ်သွားမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ် ကျမတို့ကလေ။ “

ဒီကနေ စနေနေ့ကစလို့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း ကရင်ပြည်နယ် စစ်ကိုင်းတိုင်း စတဲ့ပြည်နယ် တိုင်းအသီးသီးမှာလည်း စုပေါင်းအမှိုက်ကောက်ခဲ့ကြသလို မနက်ဖြန် ဒီဇင်ဘာလ ၁၃ရက်နေ့မှာလည်း အမှိုက်ကောက်လှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ အမှိုက်ကောက်သူတွေကပြောပါတယ်။

XS
SM
MD
LG