ဂျပန်နိုင်ငံရဲ့နည်းပညာအကူအညီကို ယူပြီး မြန်မာနိုင်ငံရဲ့လယ်ယာကဏ္ဍနဲ့ လယ်သမားတွေ ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို NLD ပါတီအစိုးရ လက်ထက်မှာ လုပ်ဆောင်သွားမယ်လို့ ဂျပန်နိုင်ငံကို ရောက်နေတဲ့ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပါတယ်။ လာမယ့် အနာဂတ်ကာလမှာ ဂျပန်အစိုးရက မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို အပြည့်အဝပေး သွားဖို့ရှိတယ်လို့လဲ ဆိုပါတယ်။ ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုပေမယ့် အစိုးရ မဖွဲ့နိုင်ခင်ကာလအထိ သတိနဲ့ လုပ်ဆောင်ကြဖို့ လိုပြီး NLD ပါတီနဲ့အတူ ဆက်လက် ရပ်တည်ပေးကြဖို့ ဂျပန်နိုင်ငံကို ရောက်နေတဲ့ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းက ဂျပန်မြန်မာပရိသတ်တွေကို ပြောဆိုခဲ့တာပါ။
ဂျပန်နိုင်ငံ တိုကျိုမြို့Hamamatsucho ရပ်ကွက်က Zozoji ဂျပန် ဘုန်းတော်ကြီး ကျောင်းဝင်းမှာ ကျင်းပတဲ့ (၃)ကြိမ်မြောက် ဂျပန်-မြန်မာ ချစ်ကြည်ရေး "မြန်မာပွဲတော်" အတွင်း အဲဒီလိုပြောဆို သွားတာဖြစ်ပါတယ်။ ဦးဉာဏ်ဝင်း ကပြောတာက -
“ကျနော်တို့အခု ရွေးကောက်ပွဲနိုင်ပြီ၊ ရွေးကောက်ပွဲ နိုင်ပြီဆိုတော့ အားလုံးပြီးပြီလို့ မမှတ်နဲ့။ ကျနော်တို့ နိုင်ရတဲ့အကြောင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ဆန္ဒအရ ကျနော်တို့နိုင်တာ၊ အဲဒီတော့ ရှေ့ဆက် ပြီးတော့ တည့်မတ်တဲ့ လမ်းကြောင်းကို သွားဖို့ရှိသေးတယ်။ လိုအပ်လို့ရှိရင် မိမိတို့ရဲ့ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ထည့်သွင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ကျနော် ဒီ့ပြင်ဟာ အာမမခံနိုင်ဘူး ကျနော်တို့ (အစိုးရ) ဖွဲ့စည်းတဲ့အခါမှာ Corruption တွေ လုံးဝမရှိတဲ့ သန့်ရှင်းတဲ့အစိုးရ တရပ် ဖွဲ့မယ်ဆိုတာကိုတော့ ကျနော်ရဲရဲကြီး ပြောရဲတယ်လို့ အဲဒါပြောခဲ့တယ်”
ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အပါအဝင် ဂျပန်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတွေနဲ့ရော ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ရော သဘာဝပတ်ဝန်းကျင် နည်းပညာဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲတွေနဲ့ပါ တွေ့ဆုံ ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့နည်းပညာ အကူအညီကိုယူပြီး မြန်မာနိုင်ငံရဲ့လယ်ယာကဏ္ဍနဲ့ လယ်သမားတွေဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို NLD ပါတီ အစိုးရလက်ထက်မှာ လုပ်ဆောင်သွားမယ်လို့ NLD ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အဓိကကတော့ ပညာရေးကဏ္ဍရယ် နည်းပညာရယ် .. နည်းပညာ ကောင်းကောင်း တတ်တဲ့ နိုင်ငံနဲ့ပေါင်းခြင်းအားဖြင့် နည်းပညာ ရမယ်။ နောက် နည်းပညာက တကမ္ဘာလုံးမှာ အရေးတကြီး လိုအပ်တယ်။ ကျနော်တို့က ပူးပေါင်းဆောင်ရွက်မယ် သူတို့အကျိုးအမြတ်ရှိမယ် အဲဒီမှာ ကျနော်တို့ နည်းပညာရမယ် ဒီလိုရည်ရွယ်ပါတယ်။ ကျနော်တို့ တောင်သူလယ်သမား လယ်ယာဖွံ့ဖြိုးရေးကိစ္စကို သူတို့ အထူးစိတ် ဝင်စားကြပါတယ်။
ကျနော်လယ်သမားတွေက လယ်လဲမပိုင်ဘူး ဖြစ်နေတာက၊ အလုပ်အကိုင် လုပ်တဲ့နေရာမှာလဲ သူတို့မှာက ဓါတ်မြေသြဇာ ပံ့ပိုးမှု ငွေကြေးပံ့ပိုးမှုကလဲ မသေချာဘူး။ အဲသလို အခြေအနေမျိုးကို ကျနော်တို့က သူတို့ကို နည်းပညာတွေ ပေးရမယ်၊ နောက် သူတို့ လိုအပ်တဲ့ အမတော်ကြေးလို ကိစ္စမျိုးကို ပြည့်ပြည့်စုံစုံ ရအောင်လုပ်ပေးရမယ်။ လယ်သမားတွေ လယ်လုပ်ခြင်း အားဖြင့် မိမိတို့ဘဝ တိုးတက် နိုင်တယ်ဆိုတာ ဒီလိုအသိမျိုး နားလည်လာအောင် ပြည့်စုံအောင် တတ်နိုင်သမျှ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မယ်လို့ ကျနော်တို့ ဒီလိုစဉ်းစားပါတယ်”
ဒါ့အပြင် အနာဂတ်ကာလမှာ ဂျပန်အစိုးရက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေ အပြည့်အဝ ပေးသွားမယ်လို့ ယုံကြည်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်နားလည်တာ သူတို့အပြည့်အဝကူညီပါလိမ့်မယ်၊ သူတို့ နိုင်ငံရေး အကြောင်းလဲ ရှိပါလိမ့်မယ်။ နိုင်ငံရေးအကြောင်းဆိုတာ ပထဝီနိုင်ငံရေး ရှိတယ် ဗျာ မြန်မာပြည်မှာ၊ အိန္ဒိယရှိတယ် တရုတ်ရှိတယ် ဒီလိုဟာတွေက ဆက်စပ်နေ တာပေါ့ဗျာ ကျနော်တို့ စီးပွားရေးနဲ့ ပတ်သက်ရင်။ ကျနော်ကတော့ ဂျပန်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတာကို သဘောကျတယ်။ ဘာလို့ဆိုတော့ ကျနော်တို့က သူတို့ဆီက နည်းပညာတွေရော အကူအညီတွေရော ရနိုင်သမျှ ကျနော်တို့ ကြိုဆိုရမှာလေ ၊ ဒီလိုအခြေအနေမှာ ဒီကိုရောက်နေရတာကို ကျနော် ကျေနပ် ပါတယ်”
NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းဟာ မနက်ဖြန် မနက်ပိုင်းမှာတော့ တိုကျိုမြို့မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အဲဒီနောက် မှာတော့ ကျိုတို မြို့တော်ဟောင်းကို သွားရောက်မှာပါ။ ကျိုတိုတက္ကသိုလ် မှာ ဒေါ်အောင်ဆန်းစုကြည် သုတေသနလုပ်ခဲ့စဉ်က နေရာတွေကို သွားရောက်လေ့လာမှာဖြစ်ပြီး ကျိုတိုတက္ကသိုလ်မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသားတွေ နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။