သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် မြန်မာများ နဲ့ ဦးဉာဏ်ဝင်း တွေ့ဆုံ


ဂျပန်ရောက် မြန်မာများ နဲ့ ဦးဉာဏ်ဝင်း တွေ့ဆုံ။ သတင်းဓာတ်ပုံ- ဦးအောင်ထွန်းလင်း ဂျပန်။
ဂျပန်ရောက် မြန်မာများ နဲ့ ဦးဉာဏ်ဝင်း တွေ့ဆုံ။ သတင်းဓာတ်ပုံ- ဦးအောင်ထွန်းလင်း ဂျပန်။

အစိုးရသစ်လက်ထက် လုပ်ငန်းစဉ်တွေထဲ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အပါအဝင် ဒုက္ခသည်တွေအရေး ဦးစားပေး လုပ်ဆောင် သွားမယ့် အကြောင်း ဂျပန်ရောက် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကို ပြောဆိုလိုက်ပါတယ်။ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဘက်ကလည်း NLD ဦးဆောင်တဲ့ အစိုးရသစ်အပေါ် သူတို့ ကူညီဆောင်ရွက်ပေးနိုင်တာတွေ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ် စုံစမ်းတင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရသစ်ဖွဲ့စည်းနိုင်မယ့် အထိ ပြည်သူ့ဆန္ဒမဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းဟာ ဂျပန်အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေချိန် ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ တနင်္ဂနွေနေ့ မနက်ပိုင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျပန်ရောက်မြန်မာတွေနဲ့တွေ့ဆုံပွဲ။
ဂျပန်ရောက်မြန်မာတွေနဲ့တွေ့ဆုံပွဲ။

NLD ဦးဆောင်တဲ့ အစိုးရသစ် ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေထဲ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကို ဦးဉာဏ်ဝင်းက ရှင်းလင်း ပြောကြား ခဲ့တယ်လို့ ဂျပန်နိုင်ငံရောက်မြန်မာတစ်ဦးဖြစ်တဲ့ ဦးကျော်သူက အခုလိုပြောပါတယ်။

"အစိုးရလွှဲပြောင်းမယ့်အနေအထားတွေပေါ့နော်။ အစုံပေါ့။ နောက်တခုက ဥပဒေရေးရာနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ စစ်တပ်ကို တရားစီရင်တဲ့ အပိုင်းနဲ့ ပြည်သူလူထုကို တရားစီရင်တဲ့အပိုင်း ကွဲနေတဲ့ အနေအထားတွေပေါ့။ ဥပဒေရေးရာပိုင်းတို့။ နောက် တိုင်းရင်းသားဒေသတွေက ငြိမ်းချမ်းရေးကိစ္စတို့။ အခု NCA ငြိမ်းချမ်းရေး Process တို့ဘာတို့ပေါ့နော်။ နောက်ဆုံးတခုက ရိုဟင်ဂျာ ဘင်္ဂလီတွေကို NLD ရဲ့ ပေါ်လစီပေါ့နော်။ အဲ့တာတွေ မေးပါတယ်။

သူပြောတဲ့အနေအထားကိုလည်း အားလုံးက ကျေနပ်တဲ့အနေအထား ရှိပါတယ်။ တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားအလျောက် သူတို့နယ်မြေဒေသတွေ အနေအထားတွေ၊ နောက် ဖက်ဒရယ်ပြည်ထောင်စု အနေအထားရယ် အခုဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ ပြည်ထောင်စုအနေအထားပေါ့နော် အဲ့တာတွေကို မေးပါတယ်။ နောက်တခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ NLDက နောက်ထပ် ဒီအတိုင်းပဲ ဆက်သွားမလားပေါ့။ NLD ရဲ့ မူဝါဒတွေ မေးတဲ့အနေအထားရှိပါတယ်။

နောက် ပြည်ပမှာရှိတဲ့ ဒုက္ခသည်တွေအနေအထားကို နောက်အစိုးရလက်ထက်မှာ ဘယ်လိုများဆက်ပြီး လုပ်မလဲဆိုတဲ့အနေအထားမေးတဲ့အခါမှာတော့ ဦးဉာဏ်ဝင်းက အခုအချိန်မှာတော့ အစိုးရမဟုတ်သေးဘူး။ ဒါပေမဲ့ သူတို့အစိုးရ တက်လာတဲ့အခါမှာတော့ ပြည်ပရောက် ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ဒီ့ထက်ပိုပြီး စောင့်ရှောက်မယ်ပေါ့နော်။ ဥပမာ ထိုင်းနဲ့ယှဉ်ပြသွားတာပေါ့နော်။ အဲ့လိုပဲ မြန်မာနိုင်ငံမှာလဲ နယ်စပ်ဒေသတွေမှာ နယ်စပ်ဒေသကလူတွေကို နယ်စပ်ဒေသမှာ ရုံးခန်းတွေ ဖွင့်ပြီးတော့ မြန်မာနိုင်ငံသားတွေ ကို စောင့်ရှောက်မယ်ဆိုပြီးပြောပါတယ်။ နောက်တခုက နောက်ပိုင်း တက်လာမယ့်အစိုးရအနေနဲ့ နိုင်ငံသားတွေကို ကာကွယ်ပြီး ဒီ့ထက်ပိုပြီး စောင့်ရှောက်ကာကွယ်ပေးမယ့်အနေအထားတွေကိုလည်း သူ ရှင်းပြသွားပါတယ်။"

ဦးဉာဏ်ဝင်းနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ဦးအောင်ထွန်းလင်းကလည်း အခုလို ရွေးကောက်ပွဲအပြီး အနိုင်ရပါတီခေါင်းဆောင်တဦး ရောက်ရှိလာတဲ့အပေါ် ဝမ်းသာကြိုဆိုကြပြီး ဦးဉာဏ်ဝင်းဘက်က ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ သိလိုတဲ့အချက်တွေကို ရှင်းလင်းပြခဲ့တဲ့အပေါ် ကျေနပ်မှုရှိပါတယ်လို့ ပြောပါတယ်။

"သူတော်တော် ပွင့်ပွင့်လင်းလင်း လည်းပြောပါတယ်။ ပြတ်ပြတ်သားသား လည်း ပြောပါတယ်။ နွေးနွေးထွေးထွေးလည်း ရှိပါတယ်ခင်ဗျ။ ဒီအစိုးရဖိတ်ခေါ်တဲ့ အစီအစဉ်နဲ့ လာတဲ့အချိန်မှာ ကျနော်တို့ကို သူက အချိန်ပေးပြီးတော့ သူ မအားတဲ့ကြားက လာတာ။ ကျနော်တို့ သူ့ကို အရမ်းလည်း အားနာပါတယ်။ အသက်ကြီးတဲ့လူကြီးတယောက် ရာသီဥတုကလည်း အေးနေတဲ့အချိန်လေ။ အဲ့အချိန်မှာဗျာ ကျနော်တို့ကို နွေးနွေးထွေးထွေး ပြောဆိုသွားတာတွေ၊ တကယ် မိသားစုဝင် တယောက်ကို တွေ့ရသလိုပါပဲဗျာ။ အဲ့လို ခံစားရပါတယ်ခင်ဗျ။

ကျနော်တို့ အဓိက ထားပြီး ပြောနေကြတာကတော့ တိုင်းရင်းသားဒေသက အပစ်အခတ်ရပ်စဲရေး ကိစ္စတွေပေါ့နော်။ အဲ့ဒီ့ကိစ္စတွေ အဓိကထားတယ်။ နောက် အမျိုးသားရင်ကြားစေ့ရေး ကိစ္စလည်း ဆောင်ရွက်နေသလို သူဟာ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စမှာလည်း သူ့ကို မေးတဲ့မြန်းတဲ့ အချိန်မှာလည်း သူက မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ရှိနေသေးတဲ့ကိစ္စကို အဓိက ထားပြီး ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတဲ့ ကျနော်တို့ အဓိက ကြားချင်တဲ့ အချက်တွေကို ပြောသွားပါတယ်ခင်ဗျ။"

အရင်အစိုးရလက်ထက်တွေတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံတကာမှာ NLD လွတ်မြောက် နယ်မြေ ဌာနခွဲတွေ အဖြစ် ရပ်တည်ပြီး ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြပေမဲ့လို့ အခု NLD အစိုးရ လက်ထက် နိုင်ငံတကာရောက် ပါတီဝင်တွေ ဘယ်လို ရပ်တည်ဆောင်ရွက် သင့်တယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးအောင်ထွန်းလင်းက အခုလိုပြောပါတယ်။

" နိုင်ငံရေးအခင်းအကျင်းတခုက NLD က တက်လာပြီ ဆိုရင် ပြောင်းလဲလာပြီမဟုတ်လား။ အဲ့တာ ဆိုတော့ကာ အပြင်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ ဘယ်လိုရပ်တည်ကြမလဲ။ နောက်ပြီးတော့ NLD LA ဆိုတဲ့အဖွဲ့တွေ ရှိတယ်မဟုတ်လား။ liberate area လွတ်မြောက်နယ်မြေပေါ့နော်။ အဲ့တော့ အဲ့ဒီ့အဖွဲ့တွေ ဘယ်လိုရပ်တည်ကြမလဲဆိုတဲ့ဟာ အဓိက ကျနော် နားထောင်ရတာ အဲ့တာလေးတွေတော့ ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ မဲလည်း နိုင်ထားပြီပေါ့နော်။ ဒီလွတ်မြောက်နယ်မြေဆိုတဲ့ LA ဆိုတဲ့ liberate area ဆိုတဲ့စကားကို မလိုအပ်တော့ဘူးဆိုတဲ့စကားနဲ့ အဲ့တော့ ဒီမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ရပ်တည်မယ်ဆိုရင် Unit တခုစီပေါ့နော်။ ဘယ်နိုင်ငံမှာ ရှိတဲ့ Unit ဘယ်နိုင်ငံမှာ ရှိတဲ့ Unit ဆိုပြီး အဲ့လို ရပ်တည်တာ ကောင်းပါတယ် ဆိုပြီး ပြောတဲ့စကားလေးကို ကျနော်ကတော့ ကြိုက်လို့ မှတ်ထားပါတယ်ခင်ဗျ။"

ဦးဉာဏ်ဝင်းဟာ တိုကျိုမြို့မှာရှိတဲ့ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီးနောက် ခရီးဆက်ပြီး ကျိုတို မြို့တော်ဟောင်းကို သွားရောက်မှာပါ။ ကျိုတိုတက္ကသိုလ်မှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုတေသနလုပ်ခဲ့စဉ်က နေရာတွေကို သွားရောက်လေ့လာမှာဖြစ်ပြီး ကျိုတို တက္ကသိုလ်မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသားတွေ နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီ့နောက်မှာတော့ တိုကျိုမြို့ကို ပြန်လာမှာဖြစ်ပြီး ဂျပန်နိုင်ငံကနေ ဒီဇင်ဘာလ ၃ရက်နေ့မှာ ပြန်ဖို့ လတ်တလောစီစဉ်ထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG