သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယက ဦးတင်ဦး ဒုသမ္မတ တာဝန်ယူမည် မဟုတ်


NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လူထုကို နှုတ်ဆက်စဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၅)
NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လူထုကို နှုတ်ဆက်စဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၅)

အဓိကနိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် ပါတီရဲ့ နာယကဖြစ်တဲ့ ဦးတင်ဦး ဒုတိယသမ္မတ ခန့်အပ်ခံရနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။ တရားဝင်မဲရလဒ်တွေနဲ့ အတည်မပြုရသေးတဲ့ မဲရလဒ်တွေအရ NLD ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရမယ့် အလားအလာတွေ ထွက်ပေါ်နေချိန်မှာပဲ အစိုးရသစ်အတွက် ခေါင်းဆောင် ဖြစ်နိုင်ချေ ရှိသူတွေနဲ့ ပတ်သက်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပေမဲ့ ဦးတင်ဦး ကိုယ်တိုင်ကတော့ တာဝန်ယူမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဦးတင်ဦးကို ဒုတိယသမ္မတ ခန့်အပ်ခံနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း သူ့အနေနဲ့ ဆန္ဒလုံး၀ မရှိကြောင်း နိုင်ငံတကာ သတင်းထောက်တွေကို ဦးတင်ဦးကပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့လည်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“သတင်းကတော့ လုပ်ကြံ ထွက်တာတွေကို။ ဒါပေမဲ့ သူက အဲဒီလိုမျိုး ဆန္ဒ လုံးဝမရှိဘူး။”

လက်ရှိထွက်လာနေတဲ့ တရားဝင်ရွေးကောက်ပွဲရလာဒ်တွေအရ NLD အနေနဲ့ လွှတ်တော်မှာ ၈၀%ကျော် အနိုင်ရမယ်လို့ မျှော်မှန်းထားတာကြောင့် အစိုးရဖွဲ့နိုင်မယ့် အနေအထား ရှိမရှိ ဦးဝင်းထိန်ကို ဗွီအိုအေကမေးမြန်းရာမှာ

“အခုကျနော်တို့ ဒီ နိုင်တဲ့မြို့နယ်တွေရဲ့ ပြန်တွက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင် ရဲ့ ကြေညာချက် ကို ကျနော်တို့စောင့်နေတယ်။ ထပ်မံ အတည်ပြုမှာဆိုတော့ ကျနော်တို့ လောလောဆယ် တွက်တဲ့ဟာတွေကတော့ မြို့နယ်ဖက်ကရတဲ့ စာရင်းတွေအပေါ် မူတည်တဲ့အခါကျတော့ ခုနကျနော်ပြောသလိုပေါ့၊ မြို့နယ်တွေ အခြေခံပြီးတော့ ၈၄ % ကျော်တယ် ဆိုလို့ရှိရင် အစိုးရဖွဲ့နိုင်တဲ့ အနေအထားတော့ ရောက်မယ် လို့တော့ ကျနော် ယူဆပါတယ်။ ကိုယ်စားလှယ်ရလဒ်တွေ အတည်ပြုပြီးဆိုလို့ရှိရင် ကျနော်တို့ အစိုးရဖွဲ့တဲ့ အခါမှာ အကဲဖြတ်တွေရွေးမယ်။ အဲဒီအခါကျမှ ကြေညာမှာ၊ အခုတော့ မပြောသေးပါဘူး။”

ဒီအတောအတွင်း ရွေးကောက်ပွဲရလာဒ်တွေနဲ့ပတ်သက်လို့ ကြန့်ကြာမှုတွေ၊ စိန်ခေါ်မှု အခက်အခဲတွေရှိနေတယ်လို့ အများက ဝေဖန်နေချိန်မှာလာရှိုးမြို့နယ် မဲဆန္ဒနယ်မြေမှာ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ NLD ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်ရာမှာ အနိုင်အရှုံး အငြင်းပွားနေတာနဲ့ ပတ်သက်လို့ နောက်ဆုံး ရလဒ်အရ ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရသွားကြောင်း လာရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ခံ တဦးဖြစ်တဲ့ ဦးမြင့်စန်းဦးက ဗွီအိုအေကို ပြောပါတယ်။

“နောက်ဆုံး အခြေအနေကတော့ ကျနော်တို့ အခု သက်ဆိုင်ရာ ပါတီ ကိုယ်စားလှယ်တွေရယ်၊ နောက် အများသက်သေတွေနဲ့ ကျနော်တို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုယ်စားလှယ် အတွက် ဒေါက်တာစိုင်းမောက်ခမ်း အား အနိုင်ရရှိတဲ့ အကြောင်း၊ နောက် ပြည်သူ့လွှတ်တော် နယ်မြေ မဲဆန္ဒနယ် (၂) ၊နဲ့ ပြည်နယ် လွှတ်တော် အတွက်က ဒေါက်တာလင်းထွဏ် NLD က အနိုင်ရရှိသွားပါတယ် ခင်ဗျာ။ နောက်ကျပြီးရောက်လာတဲ့ ကြိုတင်မဲတွေကို ရေတွက်ပါတယ်ဆိုတဲ့ အချက် ၁ ချက်ရယ်၊ နောက် ကြိုတင်မဲပေးတဲ့အရေအတွက် စုစုပေါင်း ၁၁၈၀၀ ကျော် ဖြစ်နေတဲ့ ဟာလေးတွေ၊ နောက် ပြည်ခိုင်ဖြိုးပါတီကိုပဲ ကြိုတင်မဲလေးတွေက များနေတယ် ဆိုတဲ့ complain လေးတွေ များနေတာဖြစ်ပါတယ်။

ဒီအပေါ်မှာ ကျနော်တို့ နံပတ် ၁ အချက် ကတော့နောက်ကျပြီးရောက်လာတဲ့ ကြိုတင်မဲတွေ ထည့်သွင်းရေတွက်တယ် ဆိုတဲ့အချက်က မှားယွင်းတယ် ဆိုတဲ့ အကြောင်းလေး ပြောချင်ပါတယ်။ ကျနော်တို့ ၄ နာရီ ထိုးပြီးတော့ ၊ ၄ နာရီ မထိုးခင်အချိန်ကတည်းက ကြိုတင်မဲပုံးတွေကို ကျနော်တို့ သက်ဆိုင်ရာ ကြိုတင်မဲ ရေမယ့် အခန်းထဲကို ထည့်ပါတယ်။ သူ့ရဲ့နည်းစနစ်အတိုင်း။ သူ့ရဲ့ နည်းစနစ်က ဒီမှာ ပါတီ ကိုယ်စားလှယ်လောင်းတွေ မီဒီယာတွေ၊ observer တွေနဲ့ လေ့လာချင်တဲ့ပြည်သူတွေကို ဖိတ်ခေါ်ပြီးတော့မှ အများရဲ့ ရှေ့မှာ ကြိုတင်မဲရေတွက်ခြင်းကို ၄ နာရီမှာ စတင်ရေတွက်ခဲ့ပါတယ်ခင်ဗျာ။"

ဒီရလာဒ်ဟာ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

“ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရသွားတယ်ဆိုရင်တော့ နောက်မှ ရောက်လာပြီး စည်းကမ်းနဲ့မညီတဲ့ ရောက်လာတဲ့ အပိုမဲစာရင်းတွေကြောင့် ဒေါက်တာ စိုင်းမောက်ခမ်း နိုင်သွားတယ်လို့ ယူဆရတယ်။ အဲဒီအပိုမဲစာရင်းနဲ့ပက်သက်လို့ ကျနော်တို့ NLDက တာဝန်ရှိတဲ့လူတွေ ကန့်ကွက်တယ်လို့ပြောတယ်။ ကန့်ကွက်သော်လည်း အဲဒီက ကော်မရှင်ကနေပြီးတော့ ကန့်ကွက်တာကို လက်မခံပဲနဲ့ ဆက်ပြီးတော့ ရေတွက်တယ်။ ဒါကြောင့်မို့လို့ ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရသွားတယ်လို့ ယူဆရတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရန်ကုန် အပါအဝင် ပြည်နယ် တိုင်းအချို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၅၀ ကျော် စုစုပေါင်း ၁၀၀ ကျော် ကို မနေ့က ကြေညာ ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေရာ ၉၀ ကျော်နိုင် ထားပါတယ်။

XS
SM
MD
LG