သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒစာရင်းမှားယွင်းမှု ပြင်ဆင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ NLD တိုက်တွန်း


 မဲစာရင်းမှာ ကိုယ့်အမည်ပါမပါ စစ်ဆေးနေသူ အရပ်သားတဦး။ (၂၀၁၀၊ နိုဝင်ဘာ)
မဲစာရင်းမှာ ကိုယ့်အမည်ပါမပါ စစ်ဆေးနေသူ အရပ်သားတဦး။ (၂၀၁၀၊ နိုဝင်ဘာ)

ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာပဲ ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ မဲဆန္ဒစာရင်း မှားယွင်းမှုတွေဖြစ်နေတာကြောင့် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ မဲစာရင်းစိစစ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ကို အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ အခုလိုမဲစာရင်းမှားယွင်းမှုတွေကိုအချိန်မှီ မပြုပြင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲမှာပါဝင်တဲ့ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုအပိုင်းကို မေးခွန်းထုတ်စရာဖြစ်လာမယ်လို့ သုံးသပ်နေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက်ဆိုသလို ကြိုတင်ထုတ်ပြန်ပေးနေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းထဲမှာ မဲဆန္ဒရှင်ပြည်သူ စာရင်းမှန်ကန်မှုရှိစေရေး အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး မဲစာရင်းတွေကို စိစစ်စစ်ဆေးမှုတွေ လုပ်နေတာပါ။ အဲ့လိုမျိုး လုပ်ဆောင်အခါမှာ တွေ့ရှိခဲ့တဲ့မဲဆန္ဒရှင်စာရင်း မှားယွင်းလွဲချော်မှုတွေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၆ ရက် တနင်္လာနေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ NLD အဖွဲ့ချုပ်ဘက်က ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်တို့ သွားရောက်ဆွေးနွေးခဲ့ပါတယ်။

NLD ဘက်က ထောက်ပြတဲ့ မဲစာရင်းလွဲမှားမှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က သူတို့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို ပြန်လှန်ဆွေးနွေးခဲ့ပေမဲ့လို့ လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ကော်မရှင်အနေနဲ့ အောက်ခြေ ရပ်ကျေးအဆင့် ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အရေးယူဆောင်ရွက်မှုတွေကို လုပ်သင့်ပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ဦးဉာဏ်ဝင်းတို့ အန်တီကို နေ့လည်က လှမ်းပြောတယ်။ သူတို့က အဲ့အချိန် ကော်မရှင်မှာရှိနေတယ်။ UEC ( Union Election Commission) မှာ ရှိနေတော့ အန်တီကို အတွင်းရေးမှူး ဖုန်းနံပတ်ပေးတော့.အန်တီ အဲဒီ အတွင်းရေးမှူးကို ဖုန်းဆက်တယ်။ အဲဒီအတွင်းရေးမှူးက သူညွှန်ကြား လိုက်ပါမယ်လို့ ပြောတယ်။ အဲလို ညွှန်ကြားမယ်သာပြောတယ်၊ အခုချိန်အထိ မရသေးဘူး။ ရွာတော့ မပြောနဲ့တော မြို့ပေါ်ရပ်ကွက်တွေတောင် အန်တီ တို့ကို မဲစာရင်းတွေ ပေးမကူးဘူး။ မြန်ဆန်တဲ့နည်းတွေနဲ့ လုပ်ပေးလို့ရတယ်လေ။ အန်တီတို့ လုပ်ဆောင်လို့ရတာပေါ့.. ။ အပေါ်မှာကတော့ အကုန်လုံး အဆင်ပြေအောင်ပြောတယ်။ ဒီရပ်ကျေးမှာ အန်တီတို့ တွေ့နေရတဲ့ပြဿနာတွေက တော်တော်လေးကို အဆင်မပြေဘူး။”

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကြိုတင်ထုတ်ပြန်ထားတဲ့ စာရင်းတွေကို သေချာကြည့်ရှုစစ်ဆေးပြီး မှားယွင်းလွဲချော်မှုတွေ တွေ့တဲ့အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို အသိပေးပြီး သတ်မှတ်လျောက်လွှာတွေနဲ့ သတ်မှတ်အချိန်အတွင်း ပြန်လည်လျှောက်ထားပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က တိုက်တွန်းထားပါတယ်။ ပြည်သူတွေဘက်က ဒီလို ပူးပေါင်းပါဝင်မှသာ မဲဆန္ဒရှင်စာရင်း တရားဝင်ထုတ်ပြန်တဲ့အခါ အမှားအယွင်း နည်းနိုင်မှာဖြစ်တယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဦးတင်ထွန်းက တိုက်တွန်းပြောဆိုပါတယ်။

“သွားကြည့်ပေါ့။ မပါသေးလို့ရှိရင် ပုံစံ (၃) နဲ့လျှောက်ပေါ့။ မပါသင့်တဲ့လူတွေပါနေရင်လည်း ပုံစံ (၄) နဲ့ နှစ်ချက်ပဲ ရှိတယ်။ ပြီးတော့ ဒါတွေကို ဖြည့်တာရယ်၊ ပြင်တာရယ် လုပ်စေချင်တယ်ပေါ့။ ဒါပါပဲ။”

အခုလိုမဲစာရင်းမှားယွင်းမှုတွေဖြစ်နေတဲ့အပေါ် အဓိကတာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းစိစစ်နိုင်ရေး နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်လို့လည်း နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက အကြုံပြုပါတယ်။ တကယ်လို့ မဲစာရင်းမှားယွင်းမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် အချိန်မှီ မပြုပြင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲကျင်းပချိန် မဲဆန္ဒရှင်ပြည်သူလူထု ပါဝင်ကိုယ်စားပြုမှုအပိုင်းကို မေးခွန်းထုတ်စရာဖြစ်လာမယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“မဲစာရင်းအခြေအနေ တော်တော်များများ မှားယွင်းတယ်ဆိုလို့ရှိရင်လည်း ၂၀၁၅ ရွေးကောက်ပွဲရဲ့ရလဒ်ဟာ မြန်မာပြည်သူလူထုအများစုရဲ့ ဆန္ဒ သဘောထားကို ကိုယ်စားပြုနိုင်မှုအပိုင်းမှာ အားနည်းမယ်လို့ ကျနော်က မြင်ပါတယ်။ နောက်တခုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့ အခုအချိန်မှာ အရေးတကြီးလုပ်သင့်တာက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်ပြီးတော့ မဲစာရင်းတွေ အမှန်ကန်ဆုံးဖြစ်အောင် အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့ ကျနော်က မြင်ပါတယ်ဗျ။”

၂ဝ၁၅ ခုနှစ်အတွင်း လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိပါတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက်မှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကြိုတင်ကြေညာ ထုတ်ပြန်နေတာဖြစ်ပါတယ်။

XS
SM
MD
LG