သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရှင်တွေကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရွေးချယ်ခံဖို့ NLD ဖိတ်ခေါ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမြင်ကွင်း။ (ဓာတ်ပုံ- NLD Chairperson)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမြင်ကွင်း။ (ဓာတ်ပုံ- NLD Chairperson)

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် လူသိများထင်ရှားတဲ့ ပညာရှင်အတော်များများကို NLD ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပေးဖို့ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ်တော်တွင်း ကြိုးပမ်းရာမှာ အောင်မြင်မှု မရခဲ့တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရဖို့ ဝိုင်းဝန်းတဲ့အနေနဲ့ လက်ရှိထင်ရှားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက NLD ပါတီ ကိုယ်စားလှယ်လောင်းတွေအဖြစ်နဲ့ ဝင်ရောက်အရွေးခံကြမှာဖြစ်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ထင်ရှားတဲ့ပညာရှင်တွေကို NLD ပါတီ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြား ခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ အခြေခံအားဖြင့် NLD ပါတီဝင်အဖြစ် လျှောက်ထားဖို့တော့ လိုတယ်လို့ ဇူလိုင်လ (၂၀) ရက်နေ့ NLD ပါတီ ဗဟို ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း NLD ပါတီပြောခွင့်ရသူလည်းဖြစ် ကရင်ပြည်နယ်ဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နန်းခင်ထွေးမြင့်က ဆိုပါတယ်။

“ကျမတို့က ရွေးချယ်တဲ့နည်းတွေက အဆင့်ဆင့်ရှိတယ်လေ။ မြို့နယ်ကနေပြီး ပြည်နယ်၊ ပြည်နယ်ကနေပြီးတော့ ကျမတို့ဆီမှာ ရပ်မိရပ်ဖ လိုပဲ ပညာရှင်တွေကတခါ သုံးသပ်ပြီး၊ ပြီးတော့မှ CEC က နောက်ဆုံးအဆင့်အနေနဲ့ ပြန်ပြီးတော့ ဆုံးဖြတ်ပေးမယ်။ နောက်တခုက ကျမတို့ ဖိတ်ခေါ်ထားတဲ့ ပညာရှင်တွေအတွက်က သူတို့အတွက်ကျတော့ ဦးစားပေးအနေနဲ့ ကျမတို့က စဉ်းစားပေးရမယ်။ ဒါပေမယ့် ကျမတို့ဖိတ်ခေါ် ထားတဲ့ လူတွေကလည်း သူ့ဟာသူ မြို့နယ်ကပဲ ပြန်ပြီးတော့ လျှောက်ရမယ်။”

NLD ပါတီအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ပေးဖို့ ရပ်မိရပ်ဖတွေက ဖိတ်ခေါ်တာကြောင့် သူ့အနေနဲ့၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ဗဟန်း မြို့နယ် ပြည်သူ့လွှွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ဂျူလိုင်လ ၁၈ ရက်နေ့က အမည်စာရင်းတင်သွင်း လျှောက် ထားခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ပြောပါတယ်။

“အဓိက အရေးကြီးတာ NLDကို ဘာလို့လက်တွဲလဲဆိုတဲ့အခါကျတော့ ကျမတို့ကအခုအချိန်မှာ ဒီမိုကရေစီအင်အားစုတွေ ညီညွတ်ဖို့ လိုပြီ။ အဲဒီတော့ ဝိုင်းဝန်းပြီးတော့ အားလုံး ပေါင်းပြီးလုပ်ပေးမှ ရံပေးမှ အကောင်းဆုံးဖြစ်သွားနိုင်တဲ့ အခြေအနေရှိတယ်ပေါ့လေ။ ဘာ့ကြောင့် ဝင် အရွေးခံတာလဲဆိုတော့ ကျမကတော့လေ နယ်မြေခံ ပြည်သူလူထုရဲ့ အသံကို ပိုပြီးတော့ နားထောင်တာပေါ့။ ဗဟန်းဆိုတာကလည်းလေ ပညာတတ်တွေများတယ်။ ကျမကို တောက်လျှောက် ရှိစေချင်ကြတယ်ပေါ့နော်။ သူတို့အနေနဲ့ အခြားနယ်ကို မထွက်သွားစေချင်ဘူးပေါ့ နော်။ ကျမကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် offer လုပ်တဲ့မြို့နယ်တွေ အများကြီး ရှိပါတယ်။”

ပြည်ခိုင်ဖြိုးပါတီဟာ NLD ပါတီရဲ့ အဓိကပြိုင်ဘက်ပါတီ ဖြစ်လာမှာဖြစ်ပြီး ပြည်သူတွေ NLD ပါတီကို ပိုပြီးဝန်းရံလာအောင် လုပ်ဆောင် သွားမယ်လို့ ဒေါက်တာဒေါ်ညိုညိုသင်းက ပြောပါတယ်။

“အဓိကတော့ ကြံ့ခိုင်ရေးပါတီကို ပြိုင်ရမှာပေါ့လေ။ ပြည်သူလူထုက အမျိုးမျိုးရှိတာပေါ့နော်။ သူတို့ဆန္ဒရှိတဲ့ မေးခွန်းတွေ မေးတဲ့အခါမှာ ကျမကတော့ အရိုးသားဆုံးပဲ သူတို့သိချင်တဲ့ဟာကို ကျမတို့ တိုက်ရိုက်တွေ့ဆုံတဲ့ နည်းလမ်းတွေနဲ့ပဲ နိုင်ငံရေး တက်တက်ကြွကြွပါဝင်ဖို့ သူတို့ကို ကျမတို့ ဝိုင်းပြီးစည်းရုံးသွားမယ်လေ။”

အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သူ့အနေနဲ့ ဘာတွေဦးစားပေး လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ဒေါက်တာဒေါ်ညိုညို သင်းက ပြောပါတယ်။

“ပထမဆုံးလုပ်ချင်တာကတော့ ကျမတို့နိုင်ငံမှာ တော်တော်လေးကို ခေတ်စနစ်နဲ့ မလျှော်ညီတဲ့ ၊ အခုသွားနေတဲ့ နိုင်ငံရေးစနစ်နဲ့ မလျှော် ညီတဲ့ မတရားတဲ့ ဥပဒေတွေပေါ့ ၊ ဖျက်သိမ်းသင့်တဲ့ ဥပဒေတွေ အများကြီးရှိတယ်ပေါ့နော်။ အဲဒီ ဥပဒေတွေ ဖျက်သိမ်းရေးကို ဦးစားပေး ပြီးတော့ ကျမ ဆောင်ရွက်သွားမယ်။ ပါတီအနေနဲ့ကတော့ ကျမတို့အနိုင်ရမယ်ဆိုလို့ ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျမတို့ ဒါ အဓိကထားပြီး လုပ်ရမှာပေါ့လေ။”

ဒေါက်တာဒေါ်ညိုညိုသင်းလိုပဲ ၈၈ မျိုးဆက်အဖွဲ့က ထင်ရှားသူ (၁၈) ဦး ၊ လူ့အခွင့်ရေးလှုပ်ရှားသူတွေဖြစ်ကြတဲ့ မဇင်မာအောင် ၊ ဘလော့ဂါ ကိုနေဖုန်းလတ် စတဲ့သူတွေလည်း NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံကြမှာဖြစ်ပါတယ်။

XS
SM
MD
LG