သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီညီလာခံမတိုင်မီ ကိုယ်စားလှယ်တချို့ ထုတ်ခံရ


NLD ညီလာခံကျင်းပမည့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမ
NLD ညီလာခံကျင်းပမည့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီတပတ်ထဲ စတင်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအတွက် ပြင်ဆင်မှုတွေ အားလုံးနီးပါး ပြီးစီးနေပြီလို့ စီစဉ်သူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ညီလာခံ မကျင်းပခင်မှာဘဲ ပါတီဝင်တွေကြား ပြဿနာတချို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ပါတီညီလာခံရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် တားမြစ်လိုက်တာတွေ လည်း ရှိနေပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ညီလာခံနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

သောကြာနေ့ကစတင်ပြီး ရန်ကုန်မြို့မှာ ၃ ရက်ကြာ ကျင်းပသွားမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွက် အဆင်သင့် ဖြစ်နေပြီလို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း ပါတီရဲ့ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်က စီစဉ်ထားပြီးဖြစ်တယ်လို့ အခမ်းအနား စီစဉ်သူတဦးဖြစ်တဲ့ ဦးအုန်းကြိုင် က ပြောပါတယ်။

“ပါတီညီလာခံကို ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်ပေါ့ဗျာ ၃ ရက် ကျနော်တို့ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း
တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ပြင်ဆင်မှု လုပ်ငန်းတွေက အားလုံးနီးပါး ၉၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ အလွန့်ကို ကျကျနန ပြင်ဆင်ထားတာ တွေ့ရပါတယ်။”

ညီလာခံအတွင်းမှာတော့ ဗဟို ဦးစီးအဖွဲ့ဝင်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို မဲပေး ရွေးချယ် သွားဖို့လည်း စီစဉ်ထားတာဖြစ်သလို၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့သစ်ကနေ ပါတီရဲ့ ဥက္ကဌသစ် တဦးကိုလည်း တင်မြှောက်သွားမှာ ဖြစ်တယ်လို့ ဦးအုန်းကြိုင် က ပြောပါတယ်။ ဒီ့အတွက်လည်း ဆယ်စုနှစ်နဲ့ချီပြီး မလုပ်နိုင်ခဲ့တဲ့ ညီလာခံအတွက် NLD ကိုယ်စားလှယ်တွေကြား စိတ်အား ထက်သန်မှုတွေလည်း ကြီးထွားလာနေကြတာပါ။

“အရင်တုန်းကတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံပေ့ါ။ အဲ့ဒီဟာပြီးသွားတဲ့အခါမှာ ကျနော်တို့ ပါတီ structure ပေ့ါဗျာ ခိုင်ခိုင်ခန့်ခန့်နဲ့ ကျစ်ကျစ်လစ်လစ် ဖြစ်သွားအောင် ကြိုးစားလုပ်ဆောင်ရင်းက
နေ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ဆက်လုပ်လို့ မရအောင် ဖြစ်သွားတာပေါ့။ ၂၅ နှစ်ကာလမှာ ပြန်ဖြစ်လာ တဲ့အခါကျတော့ ကျနော် အင်မတန် ဝမ်းသာပါတယ်။ ပါတီကြီးတခုရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်ရ မယ့် လုပ်ရမယ့်ကိစ္စ တခုပဲလေ။”

ကမာရွတ်မြို့နယ် NLD ပါတီ ဗဟို ညီလာခံကိုယ်စားလှယ် ဦးတင်ဝင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ညီလာခံ ကျင်းပဖို့ ရက်ပိုင်းသာ ကျန်တော့တဲ့ အချိန်မှာ ပါတီဝင်တချို့ကိုတော့ သတ်မှတ်ချက်တွေ ကို ချိုးဖောက်တယ်ဆိုပြီး ညီလာခံ ကိုယ်စားလှယ် အဖြစ်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ပယ်ဖျက်ခံရသူတွေကတော့ လမ်းမတော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်း၊ ရွှေပြည် သာမြို့နယ်က ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးသန့်စင်၊ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အဖွဲ့ချုပ် ဥက္ကဌ ဦးခင်မာင်ရှိန်နဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က အဖွဲ့ချုပ် ညီလာခံကိုယ်စားလှယ်
ဒေါ်မိမိကြီး တို့ ဖြစ်ပါတယ်။

ဒီအထဲက တဦးဖြစ်တဲ့ ဦးခင်မာင်ရှိန်ကတော့ သူတို့အနေနဲ့ ပါတီညီလာခံ ပျက်ပြားအောင် ဆောင် ရွက်တာမျိုးတွေ မရှိဘူးဆိုပြီး ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောကြားလိုက်ပါ တယ်။

“တိုင်စာမှာကတော့ အန်ကယ်လ်တို့က ဘယ်သူ့ကို မဲပေး၊ ဘယ်သူ့ကိုတော့ မဲမပေးနဲ့လို့ အော်ကြီး ဟစ်ကျယ် စီးတီးမခ့်ထဲမှာ ပြောတယ်ဆိုပြီး တင်ထားတယ်လို့ အန်ကယ်လ် သိရတယ်။ အဲ့ဒီအခါမှာ အန်ကယ်လ်က ဒီလို ဒီလို လုပ်တာပါလို့ ဖြေရှင်းတယ်။ စာရင်းတွေနဲ့ ဘယ်သူတွေတက်တယ်။ ဘယ်သူတွေ ညီလာခံမှာ အရွေးခံဖို့ဆိုတဲ့ဟာ တင်ပြတယ်။ ဒါဆိုရင် ခင်ဗျားက ကြေညာချက်၊ စည်းကမ်းချက်ကို ဖောက်ဖျက်တာပဲ။ ဒါ ညှိနှိုင်းတာ၊ ဒါ ဆန္ဒခံယူတာ၊ ကိစ္စမရှိဘူး။ အဲ့ဒါဆိုရင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို စာပို့ချင်ပါတယ်။ ပေးချင်ပါတယ်။ ထားခဲ့လိုက်ပါတယ်”

ညီလာခံကျင်းပရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအုန်းကြိုင်ကတော့ ကိုယ်စားလှယ် တချို့ကို စာရင်းက ပယ်ဖျက်ဖို့ ဆုံးဖြတ်ရလောက်အောင် ခိုင်လုံတဲ့ အကြောင်းရင်းတွေ ရှိနေတယ်လို့ ပြော ပါတယ်။

“ဦးတို့ ဗဟိုကော်မတီက စစ်ဆေးကြည့်တဲ့အခါ တချို့ လုပ်ရပ်တွေက မှန်နေတယ်ဗျ။ အုပ်စုဖွဲ့တဲ့ သဘောမျိုးလေးတွေ ဖြစ်နေတာပေါ့ဗျာ။ အဲ့ဒီသတင်းကို လူကြီးတွေကို တင်ပြတယ်။ လူကြီးတွေ က အဲ့ဒါဆိုရင်တော့ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်။ နောင် ဒီအစဉ်အလာတွေ မကောင်းဘူးဖြစ် သွားမယ်။ အဲ့တော့ ဒီဟာတွေကို ခွင့်မပြုပါနဲ့။ ကြပ်ကြပ်မတ်မတ် ခင်ဗျားတို့ ဆောင်ရွက်ပါ။ အရေးယူပါ။ လိုအပ်ရင် အရေးယူ ဆောင်ရွက်ပါလို့ အဲ့လို ညွှန်ကြားပါတယ်။”

၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ NLD ပါတီရဲ့ ပထမဆုံးအကြိမ် တနိုင်ငံလုံးအဆင့် ညီလာခံကိုတော့ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ လောက် တက်ရောက်လိမ့်မယ်လို့လည်း မျှော်လင့်ထားတာပါ။

၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ NLD ပါတီ တခဲနက် အနိုင်ရခဲ့ပေမဲ့လည်း စစ်တပ်က အာဏာလွဲှပြောင်း မပေးခဲ့သလို ဖိနှိပ်မှု ပေါင်းစုံနဲ့လည်း ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် ရွေးကောက်ပွဲ အသစ်တွေနဲ့ အတူ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့မှာ တရားဝင် နိုင်ငံရေးပါတီအဖြစ်နဲ့ ပြန်လည် မှတ်ပုံတင် ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီဝင် အင်အား ၁၂ သိန်းကျော် ရှိတယ်လို့လည်း NLD ပါတီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG