သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်းဆိုချက်အပေါ် အချိန်ဆွဲလျှင် ကျောင်းသားသပိတ် ရန်ကုန် ချီတက်မည်


ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ နှင့် NNER အဖွဲ့၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ဆွေးနွေးပွဲမှာ စာရေးဆရာ ချစ်ဦးညိုမှ ကျောင်းသားသပိတ်နှင့် ပညာရေး ဥပဒေပြင်ဆင်မှု အပေါ် ထောက်ခံကြောင်း ပြောကြား။ သတင်းဓာတ်ပုံ- NNER
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ နှင့် NNER အဖွဲ့၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ဆွေးနွေးပွဲမှာ စာရေးဆရာ ချစ်ဦးညိုမှ ကျောင်းသားသပိတ်နှင့် ပညာရေး ဥပဒေပြင်ဆင်မှု အပေါ် ထောက်ခံကြောင်း ပြောကြား။ သတင်းဓာတ်ပုံ- NNER

ဖေဖေါ်ဝါရီ(၁၁)ရက်နေ့က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့ အတိုင်း အမျိုးသားပညာရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေ မူကြမ်းကိစ္စကို လွှတ်တော်မှာ ဆွေးနွေးဖို့ ဆက်ပြီးကြန့်ကြာနေမယ်ဆိုရင် သပိတ် စစ်ကြောင်းတွေကို နဂို သတ်မှတ်ထားတဲ့အတိုင်း ရန်ကုန်ကို ပြန်ချီတက် သွားမယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ကပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ (ဖေဖေါ်ဝါရီ ၂၆ရက်) မနေ့က ကျင်းပတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ ပညာရေးဦးဆောင်ကော်မတီ / NNER တို့ တွေ့ဆုံပွဲအပြီး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုညဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဒီမိုကရေစီပညာရေးဦးဆောင်ကော်မတီနဲ့ NNER ကွန်ယက်တို့ပေါင်းပြီး အရပ်ဖွဲ့လူ့အဖွဲ့အစည်းတွေနဲ့ ရန်ကုန် ဗိုလ်အောင်ကျော်လမ်း HOME ခန်းမမှာ ပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု နောက်ဆုံးအခြေအနေတွေကို မနေ့နေ့လည်ပိုင်းက ဆွေးနွေးခဲ့ကြတာပါ။

အစိုးရနဲ့ လွှတ်တော်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး မူကြမ်းကိစ္စကို လွှတ်တော်မှာ ဆွေးနွေး အကောင်ထည်ဖေါ်သွားမယ် လို့ နောက်ဆုံး-လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကတိပေးခဲ့ပေမယ့် သတ်မှတ်ကာလ ထက် ပိုပြီးကြန့်ကြာလာတာကြောင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကော်မတီက နဂိုထုတ်ပြန် ထားတဲ့အတိုင်း ရပ်နား ထားတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေကို မတ်လ(၁)ရက်နေ့မှာ ပြန်လည် စတင်မယ်လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါတယ်။


"ဒီလေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူညီချက်ထဲမှာ မြန်မြန်ဆန်ဆန် လုပ်ပေးမယ်ဆိုပြီး အကုန်လုံးက သဘောတူဆွေးနွေးထားသော်လည်း တကယ်တမ်း လက်တွေ့မှာ အဲ့သလို မဖြစ်လာခဲ့ပဲနဲ့ ကျမတို့ တင်ထားတဲ့ ၁၆ရက်ထက် အင်မတန်မှာ ရက်တွေပေါင်းမြောက်များစွာ နောက်ကျပြီးတော့ ၅ရက်နေ့မှ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှာ ကြားနာမယ်။ ကြားနာတဲ့နေရာမှာလည်း ပထမအဆင့်ကြားနာမှုကိုတောင်မှ ဒီလောက်အထိ အခြေအနေက ရှည်လျားမယ်ဆိုရင် ကျမတို့ ဥပဒေ အတည်ပြုရေးအတွက် တကယ်တမ်း လက်ရှိလွှတ်တော် သက်တမ်းမှာတောင် ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်လာတယ်။ သံသယတွေ ဝင်လာတာမျိုးတွေလည်း ရှိတယ်။ ဆိုတော့ ဒါဟာ သိပ်ပြီးတော့ ကျေနပ်စရာ မကောင်းလှတဲ့ အနေအထားဖြစ်ပါတယ်။ ကျမတို့ သပိတ်တွေအနေနဲ့ကတော့ ကျမတို့က ၂၈ရက်နေ့မှာတော့ ဖြစ်နိုင်လို့ရှိရင် လွှတ်တော်မှာ မြန်မြန်အတည်ပြုပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ မဖြစ်လာခဲ့ဘူး ဆိုတဲ့အခါကျတော့ ကျမတို့ကတော့ ကြိုတင်ပြီးတော့ ကျမတို့ ကျောင်းသားတွေ ထုတ်ပြန်တဲ့အတိုင်းပဲ မတ်လ ၁ရက်နေ့မှာ လက်ပံတန်းကနေ ပြန်လည်ထွက်ခွာဖို့ ဆုံးဖြတ်ထားပါသေးတယ်ရှင့်။ "

HOME ခန်းမမှာဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးလည်း မဖြိုးဖြိုးအောင်က ရှင်းပြပါတယ်။

"အဓိကဆွေးနွေးဖြစ်တာက ကျောင်းသားထုတောင်းဆိုထားတဲ့ အချက်(၁၁)ချက်ကို အခြေခံပြီးတော့ ဆွေးနွေးတာမျိုးတွေ၊ နောက်ပြီးတော့ ဥပဒေကြမ်းထဲမှာ လတ်တလော သတင်းအမှားတွေ အထင်မှား အမြင်မှားမှုတွေရှိနေပါတယ်။ အဲ့တာတွေလည်း တခါတည်း ရှင်းပြပြီးတော့ပေါ့နော် ဘာကြောင့် ဒီဟာတွေ ထည့်သွင်းရတာပါလဲ။ ကျမတို့ရည်ရွယ်တာက ဘာလဲ။ ဒီဥပဒေက ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတာမျိုးတွေကို ဆွေးနွေးဖြစ်ပါတယ်။ ကျောင်းသား တွေ ဖမ်းဆီး ထိန်းသိမ်းခံရတာမျိုး ချမှတ်ခံရတာမျိုး ဖြစ်လာမှာကို စိုးရိမ်မိတဲ့ အကြောင်းတွေ ပြောပါတယ်။ နောက် အခြားသော မိခင်ဘာသာစကား အခြေပြု ဘာသာစကား(၃)မျိုးစနစ်ကို ကျမတို့ သေသေချာချာရှင်းပြခဲ့ပါတယ်။"

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေထဲမှာ Triangle အမျိုးသမီးအဖွဲ့လဲ ပါဝင်ပါတယ်။ အဖွဲ့ရဲ့တာဝန်ခံ မခင်လေးက သူတို့သဘောထား ကို ပြောလာပါတယ်။

"အရပ်ဖက်အဖွဲ့အစည်းက လူတွေ ပြောတဲ့ဟာကတော့ ကျောင်းသားတွေ ကလည်း ကျောင်းသား အလုပ် ကျောင်းသား လုပ်နေတယ်။ ပြည်သူတွေ ကလည်း ပြည်သူအလုပ် လုပ်ပါမယ်ပေါ့။ ခေတ်အဆက်ဆက် လည်း ကျောင်းသားနဲ့ပြည်သူက ဒီလိုပဲ။ လက်တွဲညီညီနဲ့ လုပ်ခဲ့တယ်။ ဒီတော့ ကျောင်းသားတွေလည်း လုပ်သင့်တာကို ဆက်လုပ်ပါ။ ပြည်သူတွေကလည်း ပြည်သူတွေ လုပ်သင့်တဲ့အလုပ်ကို ဆက်လုပ်ပါမယ်။ တကယ့်ကို အားလုံးက စိတ်ပူပင်တဲ့အလုပ်တွေကို ထည့်သွင်းစဉ်းစားပြီး လုပ်သွားတဲ့အတွက်လည်း အားလုံးက ဂုဏ်ယူတယ်။ ကျေးဇူးတင်တယ်ပေါ့နော်။ ဆက်ပြီးတော့လည်း လုပ်စရာရှိတာကို လုပ်ပါ။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့တော့ အမြဲတမ်း ဝန်းရံဖို့အဆင်သင့်ပါပဲ ဆိုတဲ့ဟာလေးကတော့ အားလုံးစိတ်ထဲမှာ ရှိနေတဲ့ဟာ အဲ့တာကိုပဲ အဓိက ပြောဖြစ်ကြပါတယ်။"

ဖေဖေါ်ဝါရီ(၁၁)ရက်နေ့က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက် တချို့ ရခဲ့တာကြောင့်ကျောင်းသားတွေရဲ့ ပင်မသပိတ် စစ်ကြောင်းနဲ့ တိုင်းနဲ့ပြည်နယ်တွေက အခြားစစ်ကြောင်းတွေဟာ သူတို့ရဲ့ သပိတ်ကို ခေတ္တရပ်နားထားတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG