သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးပွင့်ဆိုင်ဆွေးနွေးမှု မပြတ်ဖို့ NNER နဲ့ ကျောင်းသား လိုလား


NNER နဲ့ကျောင်းသားကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲ။ ဓာတ်ပုံ (NNER fb)
NNER နဲ့ကျောင်းသားကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲ။ ဓာတ်ပုံ (NNER fb)

အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း လွှတ်တော်ကို တင်သွင်းထားချိန်မှာပဲ အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ NNER နဲ့ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ ဒီလို လွှတ်တော်တွင်း ပညာရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်း ဆောင်ရွက်နေချိန် ပင်မသပိတ်စစ်ကြောင်းနဲ့ အရန်သပိတ်စစ်ကြောင်းတွေ ခေတ္တရပ်နားထားချိန်မှာ တန်ပြန်သပိတ်ဆင်နွှဲမှုတွေနဲ့ ကျောင်းသားတွေအပေါ် ဖိအားပေးမှုတွေ ရှိလာနေတယ်လို့ ကျောင်းသားသပိတ် ခေါင်းဆောင်တွေကပြောပါတယ်။ အပြည့်အစုံကို မဆုမွန် က စုံစမ်းတင်ပြပေးထားပါတယ်။

အခုဆိုရင် အစိုးရ၊ လွှတ်တော်၊ NNER မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသား ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်သဘောတူညီချက်နဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနကနေတဆင့် လွှတ်တော်တွင်း တင်သွင်းထားပြီဖြစ်ပါတယ်။ ဒီလိုတင်သွင်းထားချိန်မှာပဲ လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဖို့ အရေးတကြီး လိုအပ်တယ်လို့ NNER ဦးဆောင်သူ ဒေါက်တာသိန်းလွင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ကတော့ လေးပွင့်ဆိုင် တွေ့သင့်တယ်လို့ ကျနော်တို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သဘောတူညီချက်မှာ ပြောဆိုချက်တဲ့ အချက်တွေကို အကောင်အထည်ဖော်တဲ့အချိန် အားလုံးမှာ တာဝန်ရှိတယ်။ ပူးတွဲဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ရှိတဲ့အတွက် ဒီလို အဆင်မပြေတဲ့အခြေအနေမျိုးမှာ ပြန်တွေ့ဖို့ လိုတယ်လို့ ကျနော်တို့ထင်တယ်ခင်ဗျ။

ကျနော်တို့သိသလောက်တော့ နောက်ဆုံးအခြေအနေက လွှတ်တော်ကို ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီကိုယ်တိုင် လွှတ်တော် နာယကကို သွားတင်တယ်လို့ ပြောပါတယ်။ ပြောတော့ အခု လွှတ်တော်နာယက အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ချပေးလိုက်ပြီလို့ ကျနော်တို့ သိရပါတယ်။ ကျနော်တို့လုပ်ရမယ့် အဆင့်က အမျိုးသားလွှတ်တော်က ဆုံးဖြတ်ချက် မချခင်မှာ ကြားနာပွဲရှိပါတယ်။ ကြားနာပွဲမှာ ကျောင်းသား ကိုယ်စားလှယ်နဲ့ NNER ကိုယ်စားလှယ်ကို ဖိတ်ကြားမယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေ့ဆိုတာတော့ မပြောသေးပါဘူး။”

အမျိုးသားပညာရေး ဥပဒေကြမ်းပါ အချက်အလက်တွေအပေါ်မှာ အဓိပ္ပာယ်လွဲမှားမှုတွေနဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲက သဘောတူညီချက်တွေနဲ့ ကွဲလွဲမှုတွေရှိလာနေတဲ့အပေါ် NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ ပြင်ဆင်ဖြည့်စွက် အကြံပေးချက်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာပေးပို့မှာဖြစ်သလို ပညာရေးဝန်ကြီးဌာနနဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအတွင်း ပါဝင်ခဲ့တဲ့ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အခြေအနေတွေကို ရှင်းလင်းတင်ပြထားတဲ့ စာပေးပို့မှာဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ဒီကနေ့ပဲ စာပို့ဖို့ ရှိပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ အစိုးရဘက်ကို ခေါင်းဆောင်လာတဲ့ ပြည်ထောင်စုဝန်ကြီးဆီကို ဒီလိုလွဲမှားနေတဲ့ အခြေအနေတွေကို ရှင်းပြတဲ့ စာတစ်စောင်ကို ကျနော်တို့ ဒီနေ့ပဲ ပြင်ဆင်ပြီးတော့ မကြာခင်မှာပို့ပါမယ်။ အလားတူပဲ နိုင်ငံတော်သမ္မတဆီကို ဒီလို အခြေအနေတွေကို လိပ်မူပြီးတော့ လေးပွင့်ဆိုင်ဆွေးနွေးမှု အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပေးဖို့ သဘောထားပေးဖို့ အဲ့တာ အခု ကျနော်တို့ဆောင်ရွက်နေပါတယ်။”

အခုလို ကျောင်းသားတွေက မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်ပြီးတော့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အချက် (၁၁)ချက်အပါအဝင် အမျိုးသားပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေးဥပဒေ လွှတ်တော်တွင်း ဆွေးနွေးနေချိန်မှာပဲ ပင်မသပိတ်စစ်ကြောင်းက ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ခေတ္တရပ်ထားပြီး ကျန်အရန်ကျောင်းသားစစ်ကြောင်းတွေကလည်း မိမိတို့မြို့ရွာတွေဆီ ခေတ္တပြန်သွားချိန်ဖြစ်ပါတယ်။ မတ်လ(၁) ရက်နေ့မှာတော့ လွှတ်တော် ဆောင်ရွက်ချက်ပေါ်မူတည်ပြီး ဆက်ချီတက်သင့်၊ မချီတက်သင့် ဆုံးဖြတ်မှာဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ(၁၅)ဦးအဖွဲ့ဝင်ဖြစ်တဲ့ ကိုအောင်နေပိုင်ကပြောပါတယ်။

“ပင်မစစ်ကြောင်းက အခုဆိုရင် လက်ပံတန်းမှာ နားပြီးတော့ ၁ရက်နေ့မှာ ကျနော်တို့ ပြန်ပြီးတော့ ထွက်မယ်လို့ကြေညာချက် ထွက်ထားတယ်ပေါ့။ အဓိက ကတော့ လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေ စောင့်ကြည့်ဖို့နဲ့ အထက်တန်းကျောင်းသားတွေ၊ မူလတန်း ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့ ကာလဖြစ်တဲ့ အတွက် မိဘတွေ စိတ်ပူနေတာမို့ စောင့်ကြည့်နေတဲ့ စစ်ကြောင်းတွေလည်းရှိပါတယ်။”

အခုလို သပိတ်မှောက်ကျောင်းသားတွေ သပိတ်ခေတ္တရပ်နားထားချိန်မှာပဲ အာဏာပိုင်တွေဘက်က တန်ပြန်သပိတ်ဆင်နွှဲမှုတွေ၊ တက္ကသိုလ် ကျောင်းတွေမှာ ဆန္ဒပြသပိတ်ကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်လာသလို သပိတ်နားနေတဲ့ ကျောင်းသားတွေအပေါ် ဖိအားပေးမှုတွေကို ပြည်နယ်၊တိုင်းတွေမှာ လုပ်ဆောင်လာနေတယ်လို့လည်း သပိတ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်နေပိုင်ကပြောပါတယ်။

“ဖိအားတွေက မျိုးစုံရှိပါတယ်။ အခုအချိန်မှာ ဒီတောင်ငူမှာ ဒီနေ့ လုပ်သွားတဲ့ သပိတ်က ကျနော်တို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားတဲ့ သပိတ်ကို ထောက်ခံတဲ့ ထောက်ခံပွဲ လုပ်တာတောင်မှ ဖိအားပေးနေတာတွေရှိနေတာပဲ။ သပိတ်စခန်းဖွင့်ထားတဲ့နေရာတွေမှာလည်း အာဏာပိုင်က ဖိအား ပေးတာမျိုးတွေလည်း ကြုံနေရတာပဲ။ ဒီတက္ကသိုလ်တွေမှာ ပါမောက္ခတွေက တန်ပြန်သပိတ်သဘောမျိုးတွေပေါ့နော်။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ တန်ပြန်သဘောမျိုးတွေပေါ့ ဒါတွေကလည်း ကျနော်တို့ကို ဖိအားဖြစ်စေချင်ပါတယ်။ အကျပ်အတည်းဖြစ်အောင် လုပ်နေတာတွေလည်း တွေ့ရပါတယ်။”

လက်ရှိကျောင်းသားသပိတ်စစ်ကြောင်းတွေရဲ့ အခြေအနေ၊ အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့ဥပဒေကြမ်းကို ရှင်းလင်းချက်နဲ့ လွှတ်တော်တွင်း တင်ပြချက် နောက်ဆုံးအဆင့်သိရှိထားရမှုတွေနဲ့အတူ လေးပွင့်ဆိုင်သဘောတူညီချက်အတွင်း လုပ်ဆောင်ချက် ကွဲလွဲမှုတွေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၂ ရက် တနင်္ဂနွေနေ့မှာ NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG