သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဒုံ ကျူးကျော်ကိစ္စ ညှိနှိုင်းမှု မပြေလည်


မင်္ဂလာဒုံ စံသမာဓိရပ်ကွက်အိမ်ဖျက်ခံပြည်သူများ (သတင်းဓာတ်ပုံ- Credit ဦးဇော်ရမ်း)
မင်္ဂလာဒုံ စံသမာဓိရပ်ကွက်အိမ်ဖျက်ခံပြည်သူများ (သတင်းဓာတ်ပုံ- Credit ဦးဇော်ရမ်း)

ရန်ကုန်၊ မင်္ဂလာဒုံမှာရှိတဲ့ စံသမာဓိရပ်ကွက်က ကျူးကျော်လို့ဆိုတဲ့နေရာတွေကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ နေအိမ်ဖျက်ဆီးခံရသူတွေထဲက ကိုယ်စားလှယ်တွေကို ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပြီး ဆွေးနွေးပေမဲ့ အဖြေတခုခုမထွက်ခဲ့ပါဘူး။ စနေညနေပိုင်းက အဲဒီနေရာကို လူအုပ်ကြီးနဲ့ အတင်းဝင်ပြီး ဖျက်ဆီးတာကြောင့် တဖက်နဲ့တဖက် ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိပြီးတဲ့နောက် ဒီကနေ့မှာ အခုလို ခေါ်ယူဆွေးနွေးတာပါ။ ဆွေးနွေး ပြောဆိုတာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စံသမာဓိရပ်ကွက်က မအေးမြင့်ကို ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက နန်းလောဝ်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ဖြေ။ ။ ဒီမြေနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမယ် ဆိုတဲ့အကြောင်းလေးကို သူတို့ကိုပြောပါဆိုတော့ ကျမက ပြောတယ်လေ၊ ဒီမြေနဲ့ ပတ်သက်လို့လည်း ကျမတို့နေလာတာ ဒီအထဲမှာ ဘာမှလည်းမရှိခဲ့ဘူး။ ဟိုတုန်းက ဒါ စားကျက်မြေကြီး၊ တောကြီးကို အကုန်လုံးခုတ်ရှင်းလင်းပြီးတော့ ကျမတို့ ဓားမဦးချ စိုက်ပျိုးစားလာတဲ့မြေတွေ။ ၁၈ နှစ်ရှိပြီပေါ့နော်။ ပြီးတော့လည်း ကျမတို့ ဒီမြေနဲ့ ပတ်သက်လို့လည်း မြေကွက်အစားထိုးပေးတာကို မယူနိုင်ပါဘူး။ ကျမတို့ ဒီနေရာကနေပြီးတော့ ဘယ်ကိုမှလည်းပြောင်းဖို့ ရွေ့ဖို့ မရှိပါဘူး။ ပြောင်းစရာ နေရာလည်းမရှိဘူး။ ဒီမြေမှာပဲ ကျမတို့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်လေးနဲ့နေသွားချင်ပါတယ်။ ကျမတို့ကတော့ ကျမတို့ ဆန္ဒကိုပြောတယ်ပေါ့။

မေး။ ။အဲဒီ ခရိုင်အုပ်ချုပ်ရေးမှူးရုံးဘက်က ဘာပြန်ပြောပါသလဲရှင့်။

ဖြေ။ ။ ဒီမြေနဲ့ ပတ်သက်လို့ကတော့ မရနိုင်ဘူးတဲ့။ မရနိုင်ဘူးလို့တော့ ဒါမျိုး ပထမ ဒီလိုပြောတာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က မရနိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူး အဲ့ဒီ ဒုဦးစီးမှူးနဲ့ အရင်တွေ့ရတယ် အမ။ ဒုဦးစီးမှူး က အရင်စစ်ပြီးတော့မျ ကျမတို့ကို အမေးအဖြေလုပ်ပြီးတော့ စာတွေရေးတယ်။ စာတွေရေးပြီးတော့မျ ကျမတို့ရဲ့ခံစားချက်တွေကို တင်ပြမယ်ဆိုပြီးတော့ ဒုဦးစီးမှူးကပြောတာပါ။ ဒုဦးစီးမှူးနဲ့ပြောဆိုပြီးတော့မှ အဲ့လိုလက်မှတ်တွေ ထိုးခိုင်းတယ်ပေါ့နော်။ ကျမတို့ လက်မှတ်တွေတော့ မထိုးဘူး။ စက်မှူဇုံမြေဆိုပြီးတော့ ခေါင်းစဉ်တပ်ထားသည့် အတွက်ကြောင့်မို့လို့ ကျမတို့ လက်မှတ်မထိုးပေးခဲ့ပါဘူး။ သူက လက်မှတ်ထိုးပေးပါတဲ့။ အပေါ်မှာ စာတပ်ထားတာလည်း ကျမတို့ မကြိုက်တဲ့အခါကျတော့ ကျမတို့လက်မှတ်မထိုးခဲ့ဘူးအမ ။ အဲဒါ လက်မှတ်မထိုးဘဲနဲ့ ပြီးတော့မှ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တွေ့ရတယ်ပေါ့နော်။

မေး။ ။ အဲ့တော့ နောက်ဆုံးမှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မအေးမြင့်တို့ဘယ်အချက်တွေမှာ သဘောတူလိုက်ကြသလဲရှင့်။

ဖြေ။ ။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တွေ့တဲ့အခါကျတော့ သူတို့ဘယ်လိုကူညီပေးရမလဲဆိုပြီး ကျမကို မေးတဲ့အခါကျတော့ ကျမထပ်ပြောတယ်လေ။ ဒီမြေရဲ့ ဥပဒေအသုံးအနှုန်းတွေ ထုတ်ပြန်ထားတဲ့ စာရွက်စာတန်းတွေ လည်း ကျမတို့မှာ ရှိပါတယ်။ ဒီမြေဟာလည်း ဘယ်နှနှစ် သက်တမ်းရှိရင် ဒီမြေမှာနေတဲ့လူသာလျှင် ပိုင်ဆိုင်ခွင့်ရှိပါတယ်ဆိုပြီးထုတ်ပြန်ထားတာတွေ ကျမတို့မှာအချက်အလက် တွေ အကုန်လုံးရှိပါတယ်လို့ အဲတော့ ဒီမြေကို မတရားသိမ်းဆည်းမယ်ဆိုရင်လည်း ဒီပိုင်ရှင်လက်ထဲကိုသာလျှင် ပြန်လည်ပြီးတော့ အပ်နှံရမယ်ဆိုတာလည်း ကျမတို့ အကုန်လုံးနားလည်ထားပြီးတော့ ကျမတို့မြေဟာ ကျမတို့ ပိုင်တဲ့မြေပဲဖြစ်ရမယ်ပေါ့နော်။ အဲတော့ ကျမတို့ ဒီနေရာကနေပြီးတော့ ဘယ်မှ ရွှေ့ပြောင်း မပေးနိုင်ပါဘူး။ ဘယ်မှလည်း နေစရာမရှိဘူး ၊ ဒီမှာပဲ အေးအေးချမ်းချမ်းနေသွားမယ်ဆိုတဲ့အကြောင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကို ကျမပြောခဲ့ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ခရိုင်အုပ်ချုပ်ရေးမှူးအနေနဲ့ကရော ဘာတွေပြန်ပြောသလဲရှင့်။

ဖြေ။ ။သူကတော့ ဘာပြန်ပြောသလဲဆိုတော့ ရနိုင်တယ်၊ မရနိုင်ဘူး ရနိုင်တယ် လို့တော့ မပြောဘူးပေါ့နော်။ ကျမတို့ရဲ့အခက်အခဲကိုတင်ပြတယ်။အခု ပထမနှစ်တက်နေတဲ့ ကျောင်းသားတွေလည်း အခု အခက်အခဲရောက်နေတယ် ။ ကျမတို့ အိပ်လည် မအိပ်ရဘူး ။ အကြမ်းမဖက်ဖို့ပေါ့နော်။ တရားဥပဒေ ဘောင်ထဲကနေပြီးတော့ တကယ်လို့ ကျမတို့ကို ဖမ်းမယ်ဆိုရင်လည်း ဖမ်းပါ။ ကျမတို့ တရားဥပဒေ ဘောင်ထဲကနေပြီးတော့ ရှင်းပါ့မယ်။ ကျမတို့ဘက်က အကြမ်းမဖက်ဘူးဆိုတဲ့အကြောင်းကို သူတို့ဘက်ကလည်း အကြမ်းဖက်တာတွေကို ထပ် ပြီးတော့ မလုပ်ဆောင်ဖို့ တားပေးပါဆိုပြီး ကျမကတော့ အဲလိုမျိုးပြောတယ်။

မေး။ ။ဒီတော့ ခရိုင်အုပ်ချုပ်ရေးမှူး က ဘာကတိမှပေးလိုက်တာမရှိဘူးပေါ့နော် မအေးမြင့်။

ဖြေ။ ။ ဟုတ်ကဲ့အမ။ မရှိဘူး ။ သူက အဲဒါဆိုရင်လည်း သူတို့ ခံစားချက်တွေကိုပြောပြပြီးပြီဆိုတော့ အဲဒီစာကို အထက်ကိုတင်ပေးလိုက်တော့ ။ သူလည်း သွားစရာရှိသေးလို့ ဆိုပြီးတော့ ပြီးသွားတယ်ပေါ့အမရယ်။

မေး။ ။ဟုတ်ကဲ့အမ။ အခု ဒီဖျက်စီးခံရတဲ့ အိမ်ခြေနဲ့ အခုအဲ့ဒီမှာရှိနေတဲ့ လူတွေရဲ့ နောက်ဆုံးအခြေအနေကော အမ။

ဖြေ။ ။ ဖျက်စီးခံရတဲ့အိမ်ခြေကတော့ ၂၀၀ လောက် ရှိမှာပေါ့နော်။ ၂၀၀ ကျော်၊ ၂၀၀ ပေါ့ လောလောဆယ် ကျမတို့ တခြမ်းတည်းပေါ့နော်၊ ဟိုပိုက်လုံး ဟိုဘက်ခြမ်းတော့မပါဘူး။ ဖျက်ပြီး အကုန်လုံး ဒီနေ့ အကုန်အပြီး ဖျက်ရမယ်ဆိုတဲ့အခါကျတော့ တချို့လည်း သူများတကာအိမ်တွေမှာ သွားပြီး တည်းခိုတဲ့လူတွေလည်း ရှိပါတယ်။ မိုးတွေကလည်း ရွာနေတဲ့အခါကျတော့ လူတွေကတော့ ဟိုအိမ်ခို၊ ဒီအိမ်ခို နဲ့ အခုတော့ ပြန်ပြီးရောက်နေတဲ့လူတွေကတော့ အယောက် အားလုံးပေါင်းဆိုရင် ၁၄၀ ၊ ၁၅၀ လောက် ရှိပါတယ်။ ကျမတို့ ပြောမယ်ဆိုရင် သူတို့ ပစ္စည်းတွေပေါ့အမရယ် နေရာမရှိတော့ ပစ္စည်းတွေ သွားထားကြတယ်။ လူတွေကတော့ တဲတွေထိုးပြီးပြန်နေနေကြတာပေါ့အမရယ်။

မေး။ ။ ကျမသိတာက သူတို့ ဘက်က လာဖျက်တဲ့လူတွေကို မအေးမြင့်တို့ဘက်က ၂ ယောက်ကိုတော့ ဖမ်းမိထားတယ်လို့ပြောပါတယ်ရှင့်။ အဲဒီလူတွေကို မအေးမြင့်တို့ ဘာလုပ်လိုက်သလဲရှင့်။

ဖြေ။ ။ အဲဒီလူတွေကို ကျမတို့ ဘာမှ လက်ဖျားနဲ့လည်းမထိပါဘူးအမ။ တဲကိုခေါ်လာပြီး မေးစရာရှိတာမေးတယ်။ မေးပြီးတော့ ရဲ ဝတ်စုံတွေ အထုတ်လိုက်ကျန်ခဲ့တာတွေကိုလည်း တစုတည်း ရွာသူကြီးကိုလည်း အပ်တယ်။ ရွာသူကြီး အပ်ပြီးတော့ ရဲစခန်းကို ပို့လိုက်ပါတယ်အမ။

မေး။ ။ သူတို့က ဘယ်အဖွဲ့ကလို့ပြောတာတွေရှိလား။ မအေးမြင့်တို့ မေးလိုက်သေးလား။

ဖြေ။ ။လှိုင်သာယာ ရပ်ကွက်က၊ ဘယ်ရပ်ကွက်က ဘယ်လမ်းက ဆိုတာကို နာမည်တွေနဲ့ မှတ်ပုံတင် နံပတ်တွေနဲ့ အကုန်လုံးအချက်အလက်တွေယူပြီးတော့ အသံတွေလည်းဖမ်းထားပြီးတော့ ၊ ကျမတို့ အကုန်လုံးမေးမြန်းပြီးတော့မှ ရဲစခန်းကိုပို့လိုက်ပါတယ်။

မေး။ ။ သူတို့က အရပ်သားတွေလားရှင့်၊ ဌာနဆိုင်ရာအဖွဲ့အစည်းတခုခုကလား၊ သို့မဟုတ် ကုမ္ပဏီ ဝန်ထမ်းလား။

ဖြေ။ ။အရပ်သားတွေပဲ အမ၊ သူတို့ကို အကူအညီတောင်းလို့ လိုက်လာရတယ်လို့ပြောတယ် သူတို့ကတော့ ။

ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေး ပြောဆိုတာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စံသမာဓိရပ်ကွက်က မအေးမြင့်ကို ဗွီအိုအေမြန်မာပိုင်းက နန်းလောဝ်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG