သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပုံနှိပ်ဥပဒေမူကြမ်း ခြေလှမ်းပြန်ဆုတ်ရာရောက်


မြန်မာနိုင်ငံ မီဒီယာ ဥပဒေသစ် တရပ်ကို အခု လွှတ်တော် မှာ ဆွေးနွေးဆုံးဖြတ်ဖို့ အစိုးရက တင်သွင်းထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်ကပဲ ဆင်ဆာ ဖြတ်တောက်မှုကို ဖျက်သိမ်းလိုက်တာကြောင့် သတင်းမီဒီယာနဲ့ ပတ်သက်လို့ တိုးတက်မှု မြင်လာရပေမဲ့၊ အခု ဒီဥပဒေကြမ်းဟာ အခြေအနေတွေကို သိသိသာသာ နောက်ပြန် လှည့်သွားစေတဲ့ ခြေတလှမ်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ ဝေဖန်နေပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ Danielle Bernstein ရဲ့ သတင်းလွှာကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။


အခုလက်ရှိ လွှတ်တော်ကို တင်သွင်းထားတဲ့ ပုံနှိပ်ဥပဒေမူကြမ်း အတည်ဖြစ်သွားခဲ့ရင် သတင်းထောက်တွေအတွက်တော့ သတင်းရေးသားရတဲ့ နေရာမှာ ပိုပြီး ခက်ခဲသွား နိုင်ပါတယ်။

ဥပဒေကြမ်းထဲမှာတော့ လက်ရှိ တိုင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိခိုက် ချိုးဖောက်စေတဲ့ အရေးအသားတွေ၊ မတည်ငြိမ်မှုတွေဖြစ်အောင် လှုံ့ဆော်ရေးသားမှုမျိုးတွေကို တားမြစ်တယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။ ဘယ်လို အခြေအနေမျိုး၊ ဘယ်လို ရေးသားဖော်ပြမှုမျိုးဟာ ဥပဒေ ချိုးဖောက်တယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးရုံး မှတ်ပုံတင်ဌာနကို လုပ်ပိုင်ခွင့်ပေးသလို ပြန်ဖြစ် သွားပါတယ်။

ဒီဥပဒေဟာ တကယ်တော့ သတင်းထောက်တွေအနေနဲ့ မိမိရေးသားချက်ကို မိမိကိုယ်တိုင် ဆင်ဆာဖြတ်တောက်ရတဲ့ ဆင်ဆာဖြတ်တောက်မှု ပုံစံသစ် ဖြစ်လာစေလိမ့်မယ်ဆိုပြီး အမေရိကန်အခြေစိုက် သတင်းထောက် ကာကွယ်ရေးကော်မတီ (CPJ) က ဒီဥပဒေကို ဝေဖန် ကန့်ကွက်ထားပါတယ်။

ရှောင် ခရစ္စပင်း (Shawn Crispin) ဟာ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံပါ။ ဥပဒေမှာပါရှိတဲ့ ဝေေ၀ဝါးဝါး စကားလုံး အသုံးအနှုန်းတွေဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သတင်းမီဒီယာတွေကို စောင့်ကြပ်မှုတွေကို ထိထိရောက်ရောက် လုပ်မယ့် ကော်မတီသစ်တရပ် ကို ပြန်ကြားရေး ဝန်ကြီးဌာနက ကြီးကြပ်သွားဖို့ ရှိပါတယ်။ ဒီ ဝေေ၀ဝါးဝါးဖြစ်နေတဲ့ ဥပဒေပါ အပိုဒ်တွေကို ချိုးဖောက်တယ်ဆိုပြီး သူတို့က သတ်မှတ်ရင်၊ အဲ့ဒီ စာစောင်၊ မဂ္ဂဇင်း ထုတ်ဝေမှုကို ရပ်နားတာ၊ အပြစ်ပေးတာ လုပ်နိုင်တဲ့အာဏာ သူတို့မှာ ရှိပါတယ်။ ဒါဟာ အရင်တုန်းက စာပေစိစစ်ရေး ဘုတ်အဖွဲ့ထားတုန်းက ပုံမှန်မြင်ခဲ့ ကြုံခဲ့ရတဲ့ ကိစ္စမျိုးတွေပါ။ ကျနော့်အထင်တော့ သတင်းရေးသားမှုဟာ ကျင့်ဝတ်နဲ့ ညီ မညီဆိုတာကို ကြီးကြပ်ဆုံးဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍ မျိုးမှာ နိုင်ငံတော် အာဏာပိုင်တွေ မရှိသင့်ပါဘူး။”

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒီဥပဒေကြမ်းမတင်ခင် တိုင်ပင်ဆွေးနွေးမှုတွေလုပ်တာ၊ သတင်းထောက်တွေနဲ့ ထုတ်ဝေသူတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပေး မယ့် ပျော့ပြောင်းတဲ့ ဥပဒေတရပ်ဖြစ်လာဖို့ သတိထား ဆောင်ရွက်ခဲ့တာတွေ ရှိပေမဲ့၊ အခုလို ဥပဒေကြမ်းထွက်လာတော့ စိတ်ပျက်စရာ ဖြစ်ရတယ်လို့ ခရစ္စပင်း (Crispin) က ပြောပါတယ်။

ဒါပေမဲ့လည်း အခုဥပဒေသစ်မှာ အရင်လို ဆင်ဆာ ဖြတ်တောက်မှုဆိုတာမရှိဘဲ မှတ်ပုံတင်တဲ့ ကိစ္စပဲ ပါဝင်တာမို့ အရင်ထက် တိုးတက်လာပါတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဦးရဲတင့်က ပြောပါတယ်။

အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးမယ့် ဥပဒေဖြစ်တာမို့ ဒါဟာ နိုင်ငံတကာ စံနှုန်းစံထား နဲ့လည်း ညီညွတ်ပါတယ်လို့ ဦးရဲတင့်က ပြောပါတယ်။ ဒီဥပဒေဟာ ထုတ်လုပ်သူတွေအတွက်သာ အကျုံးဝင်တာမို့၊ မြန်မာစာနယ်ဇင်းကောင်စီအနေနဲ့ ဒီ ဥပဒေကို စိုးရိမ်စရာ မလိုဘူးလို့လည်း ဦးရဲတင့်က ပြောပါတယ်။

“ဒီဥပဒေဟာ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ဆက်နွယ်စရာ မရှိပါဘူး။ ဒါဟာ ကျနော်တို့ ဝန်ကြီးဌာနကိစ္စပါပဲ။ စာနယ်ဇင်းကောင်စီအနေနဲ့ စာနယ်ဇင်း ဥပဒေကို မူကြမ်းရေးဆွဲရမှာပါ။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်မပြုခင် လပိုင်းအတွင်းမှာပဲ ဒီ ဥပဒေကြမ်း ထွက်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် ငါးခုအတွင်း ပထမဆုံးအကြိမ်အနေနဲ့ နေ့စဉ် သတင်းစာတွေကို မကြာခင် ထုတ်ဝေခွင့် ရကြတော့မှာ ဖြစ်ပါတယ်။

မြန်မာတိုင်းစ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်းဖြစ် ထုတ်ဝေသူလည်းဖြစ်တဲ့ ရော့စ် ဒန်ကလေ (Ross Dunkley) ကလည်း အခု ဥပဒေကြမ်းအပေါ် စိုးရိမ်ချက်အချို့ ရှိတယ် လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဥပဒေကြမ်းပါ ပြဿနာရပ်တွေကို ဖော်ထုတ် ဖယ်ရှားဖို့ လွှတ်တော်လုပ်ငန်းစဉ် ကတော့ ရှိနေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာ လွှတ်တော်မှာ ပြန်ဆွေးနွေး ရဦးမှာပါ။

“အစိုးရက အခုလို အဆိုပြု တင်သွင်းတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒီ ဥပဒေကြမ်းအ ပေါ် ဆွေးနွေးတာတွေကို ကြည့်ရပါမယ်။ အဆိုပြုချက်မှာပါတဲ့ မဖြစ်သင့်တာတွေ ဆိုးရွားချက်တွေကို ပြစ်လိုက်ကြပါစို့။ ကောင်းတာတွေကို ဆက်ထားမယ်၊ ဒီလိုပဲ ဖြစ်လာမယ် ထင်ပါတယ်။”

ဒန်ကလေ (Dunkley) ရဲ့ မြန်မာတိုင်းစ်ကတော့ အခုလာမယ့် ဧပြီ ၁ ရက်နေ့စပြီး နေ့စဉ် သတင်းစာ ထုတ်နိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း သူက ပြောသွားပါတယ်။
XS
SM
MD
LG