သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက ဖမ်းထားတဲ့ အမေရိကန်တဦးကို လွှတ်ပေး


မြောက်ကိုရီးယားအစိုးရဟာ သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား ၃ ဦးထဲက တဦးဖြစ်တဲ့ Jeffrey Fowle ကို ရုတ်တရက် ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၂ ဦးကိုတော့ ဆက်ပြီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

Mr. Fowle ဟာ မြောက်ကိုရီးယားကနေ ထွက်လာပြီး အမေရိကန်ပြည်ထောင်စု ကို ပြန်လာနေပြီလို့ အမေရိကန် အရာရှိတွေက အင်္ဂါနေ့မှာ ကြေညာသွားပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်နဲ့ ရောက်ရှိသွားတဲ့ Mr. Fowle ဟာ ဒီနှစ်အစောပိုင်းက စားသောက်ဆိုင်မှာ သမ္မာကျမ်းစာအုပ် ကျန်ခဲ့ပြီးနောက် ဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို တရားရုံးတင် စစ်ဆေးတာမျိုးမရှိဘဲ သူ့မိသားစုကလည်း သူဟာ ခရစ်ယာန် သာသနာပြုဖို့ မြောက်ကိုရီးယားကို သွားတာမဟုတ်ဘူးလို့ ငြင်းဆိုနေတာပါ။

အခု Mr. Fowle ကို ပြန်လွှတ်ပေးလိုက်တာကို အမေရိကန် အရာရှိတွေက ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြန်မလွတ်သေးတဲ့ နောက်ထပ် ၂ ယောက်အတွက် စိုးရိမ်နေဆဲပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Marie Harf က ပြောပါတယ်။ ပြန်လွတ်လာတဲ့ Mr. Fowle ကိုတော့ ဆရာဝန်နဲ့ စစ်ဆေးပေးပြီး ကျန်းကျန်းမာမာရှိပါတယ်လို့ Ms. Harf ကပဲ ပြောပါတယ်။

ဖမ်းခံနေရဆဲ ၂ ဦးဖြစ်တဲ့ Kenneth Bae နဲ့ Matthew Miller တို့မှာတော့ Mr. Miller ကို မြောက်ကိုရီးယား အစိုးရအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ ကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချထားတာပါ။ Mr. Bae ကိုလည်း အလားတူ ပြစ်မှုနဲ့ပဲ ထောင်ဒဏ် ၁၅ နှစ် ပစ်ဒဏ်ချထားပါတယ်။

XS
SM
MD
LG