သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားဒဏ်ခတ်မှု ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်


လုံခြုံရေးကောင်စီမှာ ဗြိတိန်နဲ့ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးနှစ်ဦးတို့ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးကြစဉ်။ (၀၁-၂၂-၁၃)
လုံခြုံရေးကောင်စီမှာ ဗြိတိန်နဲ့ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးနှစ်ဦးတို့ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးကြစဉ်။ (၀၁-၂၂-၁၃)
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ခွင့်ပြုချက် မရှိဘဲ ဒုံးပျံလွှတ်တင်ခဲ့တဲ့အပေါ် အပြစ်ပေးတဲ့အနေနဲ့ လက်ရှိ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို တိုးမြှင့်သွားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။

ဒုံးပျံလွှတ်တင်တဲ့ အစီအစဉ်ဟာ လက်နက်တပ်ဆင်နိုင်တဲ့ တာဝေးပစ် ပဲ့ထိန်းတပ်ဒုံးပျံ ထုတ်လုပ်ဖို့ အစီအစဉ်အတွက် ဟန်ပြ လုပ်ရပ်ဖြစ်တယ်လို့ ယူဆထားကြတာပါ။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား လနဲ့ချီပြီး သဘောထားကွဲလွဲခဲ့တာတွေ အဆုံးသတ်ခဲ့ပြီး အချက် ၂၀ ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာပဲ တခဲနက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပဲ့ထိန်းတပ်ဒုံးပျံနဲ့ နျူကလီးယား စမ်းသပ်မှုတွေကို တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် စိတ်ပျက်ကြောင်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားက နောက်ထပ် ဒုံးပျံစမ်းသပ်မှုပဲဖြစ်ဖြစ် နျူကလီးယား စမ်းသပ်မှုပဲဖြစ်ဖြစ် လုပ်ဆောင်လာမယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ စဉ်းစားသွားမှာ ဖြစ်တယ်လို့လည်း လုံခြုံရေးကောင်စီက ပြောပါတယ်။

ဆုံးဖြတ်ချက် အသစ်အရ မြောက်ကိုရီးယားရဲ့ အာကာသအေဂျင်စီဖြစ်တဲ့ အာကာသနည်းပညာ ကိုရီးယား ကော်မီတီနဲ့ အကြီးအကဲဖြစ်သူ ပက်ခ် ချန်ဟို (Paek Chang-ho) အပါအဝင် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၆ ယောက်ကို လက်ရှိ ကုလသမဂ္ဂက တားမြစ်ထားတဲ့ စာရင်းမှာ ထပ်မံ ဖြည့်စွက်ခဲ့ပါတယ်။ နောက်ထပ် လူ ၃ ဦးကိုလည်း စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

အင်္ဂါနေ့က ဆုံးဖြတ်ချက်အရ နာမည်ပျက် စာရင်းသွင်းခံရသူတွေရဲ့ ပြည်ပက ပိုင်ဆိုင်မှုတွေကိုတော့ ထိန်းချုပ်ခွင့် ရှိမှာဖြစ်သလို နိုင်ငံတကာမှာ ခရီးသွားလာခွင့်လည်း ရမှာ မဟုတ်ပါဘူး။

မြောက်ကိုရီးယားအတွက် အဓိက ထိုးနှက်ချက် တရပ်အဖြစ်နဲ့ကတော့ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရေးယူ ဒဏ်ခတ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကပါ လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။
XS
SM
MD
LG