သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားလက်နက်စွန့်မည် မဟုတ်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဇန်နဝါရီလ ၁ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဇန်နဝါရီလ ၁ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားနိုင်ငံကို ဒေါ်လာဘီလျံနဲ့ချီ စီးပွားရေးအထောက်အပံ့တွေပေးမယ် ဆိုရင်တောင် နျူကလီးယားလက်နက်ကို စွန့်မှာမဟုတ်ဘူးလို့ ပြောပြီး၊ ခေတ်မီဂြိုလ်တုတွေကို တီထွင် လွှတ်တင်သွားမယ်လို့ ပြောလိုက်ပါတယ်။ ခေါင်းဆာင် ကင်မ်ဂျုံအွန်း (Kim Jong Un) ဥက္ကဋ္ဌဖြစ်တဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီစည်းဝေးပွဲမှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ နျူကလီးယား လက်နက်တွေကို ပိုပြီး ခိုင်မာအောင်လုပ်သွားဖို့ ပြောကြားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်အင်အားကို နိုင်ငံရေးနဲ့ အပေးအယူလုပ် ညှိနှိုင်းလို့မရဘူးလို့ လည်း ပြောကြားခဲ့ပြီး ကမ္ဘာကြီးမှာ နျူကလီးယားလက်နက် ကင်းမဲ့သွားချိန် မရောက်ခင်အထိ နျူကလီးယား လက်နက်တွေကို ချဲ့ထွင် တိုးမြှင့်သွားရမယ်လို့ ဗဟိုကော်မတီစည်းဝေးပွဲက ဆိုခဲ့ပါတယ်။ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ တင်းမာမှုတွေတိုးနေချိန် မြောက်ကိုရီးယား လွှတ်တော်စည်းဝေးပွဲကျင်းပမယ့် တရက်အလို တနင်္ဂနွေနေ့က အာဏာရပါတီ ဗဟိုကော်မတီစည်းဝေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားမှာလက်ရှိလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအဖြစ်နဲ့ ဂျပန်နိုင်ငံ Kadena လေတပ်အခြေစိုက်စခန်းကနေ F-22 အမျိုးအစား အမေရိကန် Stealth တိုက်လေယဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံ Osan လေတပ်အခြေစိုက်စခန်းဆီကို တနင်္ဂနွေနေ့က ပျံသန်းသွားခဲ့ကြတယ်လို့ နီးစပ်တဲ့သတင်းရပ်ကွက်က ဗွီအိုအေ ကိုပြောပါတယ်။
XS
SM
MD
LG