သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားစစ်ရေးပြင်မှု တောင်ကိုရီးယား သတိနဲ့စောင့်ကြည့်


မြောက်ကိုရီးယားစစ်သားတချို့ စစ်ရေးလေ့ကျင့်နေစဉ်။ (ဧပြီလ ၆ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားစစ်သားတချို့ စစ်ရေးလေ့ကျင့်နေစဉ်။ (ဧပြီလ ၆ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားနိုင်ငံဟာ မစ်ဇိုင်းဒုံးပျံစမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်နေတဲ့ပုံစံ ရှိနေသလို နောက်ထပ်ခြိမ်းခြောက်တဲ့ လုပ်ရပ်တခု အခုသီတင်းပတ်ထဲမှာ ပြုလုပ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားအမျိုးသား လုံခြုံရေးဌာနရဲ့ ထိပ်တန်းအရာရှိတဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ မကြာခင် ပြုံယမ်းမြို့မှာရှိတဲ့ သံတမန်တွေရဲ့ လုံခြုံရေးကို အာမခံချက် မပေးနိုင်တော့ဘူး လို့လည်း မြောက်ကိုရီးယားက ပြောဆိုထားတာပါ။

မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှု၊ ဒါမှမဟုတ် ဒုံးပျံစမ်းသပ်မှုကို ဗုဒ္ဒဟူးနေ့ မတိုင်ခင် ဒါမှမဟုတ် ဗုဒ္ဒဟူးနေ့နောက်ပိုင်း ပြုလုပ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးရဲ့ အမျိုးသားလုံခြုံရေး အကြံပေး အရာရှိချုပ်ဖြစ်တဲ့ ကမ်ဂျန်ဆိုက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ သံတမန်ရေးအရ ဖိအားပေးမှုတွေ လျှော့ပါးသွားအောင် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သူကပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်ကိုရီးယားအနေနဲ့ စစ်ရေးအသင့်ပြင်ဆင်ထားမှုကို ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရှိန်တက်နေတာကြောင့် တောင်ကိုရီးယား ထိပ်တန်း စစ်ဘက်ခေါင်းဆောင်ဟာ ဝါရှင်တန်မြို့တော်မှာ အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များရဲ့ သဘာပတိနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတဲ့ကိစ္စကို ရွှေ့ဆိုင်း လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကြည်းတပ်ဗိုလ်ချုပ်ကြီး မာတင်မ် ဒမ့်ဆေး (Martin Dempsey) နဲ့ တောင်ကိုရီးယား ဗိုလ်ချုပ်ကြီး ယောင် စယောင်ယို (Jung Seaung-jo) တို့တက်ရောက်မယ့် စစ်ဘက်ရေးရာ နှစ်ပတ်လည်ကော်မတီ အစည်းအဝေးကို ဧပြီလ ၁၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။

တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယောင် ခရီးသွားနေချိန်မှာ မြောက်ကိုရီးယားက ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ဖွယ်ရှိတယ်ဆိုပြီး တောင်ကိုရီးယားနိုင်ငံဘက်က စိုးရိမ်မှုရှိနေတယ်လို့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူက ပြောဆိုပါတယ်။
XS
SM
MD
LG