သုံးရလွယ်ကူစေသည့် Link များ

မြန်မာနဲ့မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုရှိနေဆဲ


မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။
မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။
မြန်မာနိုင်ငံအနေနဲ့ ဒုံးလက်နက်နည်းပညာနဲ့ပတ်သက်ပြီး မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ ရှိနေတုန်းပဲလို့ ဝါရှင်တန်အခြေစိုက်တဲ့ ကိုရီယားသတင်းဌာနတခုမှာ ရေးသားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရှိပြီးသား ဒုံးလက်နက်ပစ္စည်းတွေကို ပြင်ဆင်ထိမ်းသိမ်းဖို့ မြောက်ကိုရီးယားဟာ လိုအပ်နေတုန်းပဲလို့လည်း မြန်မာစစ်ရေးအကဲခတ်တဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

မြောက်ကိုရီယားနိုင်ငံ သင်္ဘောတွေဟာ အခြားနိုင်ငံအလံတင် ပုံမှားရိုက်ပြီး မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းအပိုင်းအစတွေ တင်ပို့နေတုန်းပဲလို့ ဝါရှင်တန်ဒီစီ အခြေစိုက်တဲ့ NK News က ရေးသားဖော်ပြခဲ့တာပါ။ အဲဒီ မြောက်ကိုရီးယား စစ်ပစ္စည်းတင် သင်္ဘောတွေဟာ မြန်မာရေပိုင်နက်အနီးအနားဝင်တဲ့အခါမှာ မြောက်ကိုရီးယားအလံအစား အခြားနိုင်ငံတခုခုရဲ့ အလံလွှင်ထူ ပုံမှားရိုက်ပြီး မြန်မာနိုင်ငံကို စစ်ပစ္စည်း အပိုင်းအစတွေ လျှို့ဝှက် တင်ပို့နေတယ်လို့ ဆိုပါတယ်။ မြန်မာဘက်ကတော့ မြောက်ကိုရီးယားဖက်ကလိုတဲ့ ဆန်ကို ပြန်တင်ပို့ပေးတယ်လို့ အဲဒီ သတင်းမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်ဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအရေး ဆိုင်ရာ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမြဲတမ်း ဖိအားပေးပြောဆိုနေခဲ့တာပါ။

မြောက်ကိုရီးယားနဲ့ နျူကလီယား ဒုံးလက်နက်ဆိုင်ရာနည်းပညာ ဆက်ဆံမှုတွေ မလုပ်ဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထားပြီး၊ အမေရိကန်ပြည်ထောင်စု ဘက်ကလည်း မြောက်ကိုရီးယားရဲ့ သင်္ဘောတွေကို မပြတ်စောင့်ကြည့်နေ ခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဇွန်လအတွင်းကလည်း အခြားနိုင်ငံအလံ တင်ထားတဲ့ မြောက်ကိုရီယား သင်္ဘောတစင်း တောင်အာရှ ပင်လယ်ပြင်ထဲမှာ အမေရိကန်ဘက်က ထောက်လှမ်းတွေ့ခဲ့ပြီးတော့ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကို သွားမယ့် သင်္ဘောဖြစ်မယ်လို့ အဲ့ဒီ့တုန်းက ယူဆခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာဖက်က မြောက်ကိုရီယားနဲ့စစ်ဖက်ဆက်ဆံမှုမလုပ်ပါဘူးလို့ ပြောပြော၊ မြန်မာ မြောက်ကိုရီယားအကြားမှာ စစ်ရေးဆက်ဆံမှုတွေ ရှိနေဆဲဖြစ်တယ်လို့ အတော်များများက သံသယရှိနေတုန်းပါ။ ဒါကြောင့်လည်း အခုနှစ် ဇူလိုင်အတွင်းကပဲ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုစာရင်းထဲမှာ မြန်မာစစ်ဖက်က တာဝန်ရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ဖက်က ထည့်ဖြည့်သွင်းခဲ့ပါတယ်။

မြန်မာ့အရေးလေ့လာသူ အထူးသဖြင့် စစ်ဖက် သတင်းတွေ ကို စောင့်ကြည့်ရေးသား သူ သတင်းသမား Bartil Lintner ကတော့ မြောက်ကိုရီးယားက စစ်ဖက်ကျွမ်းကျင်သူတွေ ကိုယ်တိုင် မြန်မာနိုင်ငံထဲမှာ ရှိနေတုန်းပဲလို့ ယူဆတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“မြန်မာပြည်ထဲမှာ သူတို့ရှိနေတုန်းပါ။ အမေရိကန်ဖက်က ဖိအားတွေပေးပြီး နည်းလမ်းအားလုံး သုံးနေပေမယ့်လည်း နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှုက ရှိနေတုန်းပါ။ အမေရိကန်ဖက်ကလည်း ဒါကို ကောင်းကောင်း သိပါတယ်။ မြန်မာဖက်က မြောက်ကိုရီယားနဲ့စစ်ရေးဆက်ဆံမှုဆက်ရှိနေတဲ့အပေါ် ပင်တဂွမ်က ပုဂ္ဂိလ်တွေနဲ့ ကျနော်တွေ့ခဲ့တော့ အထပ်ထပ်ပြောပါတယ်။ သူတို့အနေနဲ့က မြန်မာကို မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု ဖြတ်တောက်စေ ချင်ပါတယ်။ ဒါပေမယ့်လို့ အခုအချိန် အဆက်အဆံရှိနေတုန်းပါ။ ဘာလို့လဲဆိုတော့ မြန်မာဖက်က သူတို့လိုတာကို အမေရိကန်က ပေးနိုင်တာမဟုတ်ပါဘူး။ မြောက်ကိုရီးယားကို သူတို့လိုအပ်နေတုန်းပါ။ မြန်မာစစ်တပ်ဖက်က ခေတ်မှီနည်းပညာတွေလိုပါတယ်။ မြောက်ကိုရီယားဖက်က ဝယ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြင်ဆင် ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုပါတယ်။ ဒီ စစ်ပစ္စည်းတွေကို အခုလို ပြင်ဆင်ထိမ်းသိမ်းဖို့က မြောက်ကိုရီယားဖက်က ကျွမ်းကျင်သူတွေ လိုပါတယ်။”

မြန်မာအနေနဲ့ ဒီလို စစ်ဖက် အဆင့်မြင့်နည်းပညာတွေနဲ့ပတ်သက်ပြီး အခြားစစ်ရေး ဆက်ဆံမှုရှိတဲ့ တရုတ်တို့ရုရှားတို့အပေါ်မှာ သွားမှီလို့ မရတာကြောင့်၊ မြောက်ကိုရီးယားဟာ ဒုံးလက်နက် နည်းပညာနဲ့ ပတ်သက်လို့ မြန်မာအတွက် မရှိမဖြစ် အရေးပါနေတာဖြစ်တယ်လို့ Bartil က ယူဆပါတယ်။

ဒါပေမယ့်လည်း မြန်မာအနေနဲ့ အရင်တုန်းက နူကလီယားအိပ်မက်ဆိုတာ ရှိခဲ့ပေမယ့်လို့ ထိန်းသိမ်းဖို့နဲ့ နည်းပညာရဖို့ပိုင်းမှာ အခက်အခဲတွေကြောင့် ဒီ အိပ်မက်ကို စွန့်ပစ်ခဲ့ပြီလို့ ပြောပါတယ်။ မကြာသေးခင်တုန်း ကလည်း မြန်မာနိုင်ငံ ဟာ ကုလသမဂ္ဂရဲ့ နူကလီယား နည်းပညာ ဆိုင်ရာစောင့်ကြည့်ခွင့် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက် အရဆိုရင် IAEA ကုလသမဂ္ဂ အနူမြူအေဂျင်စီ အနေနဲ့ မြန်မာနိုင်ငံထဲမှာ နျူကလီယားနဲ့ပတ်သက်လို့ သံသယရှိတဲ့နေရာတွေကို အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့်ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစလို့ မြန်မာအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်း၊ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်တုန်းက ရှိခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို မြန်မာဘက်က အထူးသတိထားခဲ့ပြီး၊ မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ ရပ်ပါ့မယ်ဆိုတာကိုလည်း သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရခေါင်းဆောင်ပိုင်းက ဂတိပေး ပြောဆိုခဲ့ တာတွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စုဖက်ကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အလျင်အမြန် တိုးမြင့်လာနေပေမယ့်လို့၊ တဖက်မှာတော့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်ဖို့ ဆိုတာနဲ့အတူ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အမြဲသတိပေး တိုက်တွန်းနေပါတယ်။
XS
SM
MD
LG