သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် အမေရိကန် သမ္မတနဲ့ ဆွေးနွေးလို


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ အမေရိကန် ဘက်စကက်ဘော အားကစားသမား ဒန်းနစ် ရော့မန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ အမေရိကန် ဘက်စကက်ဘော အားကစားသမား ဒန်းနစ် ရော့မန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ စတင် တွေ့ဆုံစကားပြောဖို့ စိတ်အားထက်သန်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံကို မကြာသေးခင်တုန်းက သွားရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် ဘက်စကက်ဘော အားကစားသမားဟောင်း ဒန်းနစ် ရော့မန်း (Dennis Rodman) က ပြောလိုက်ပါတယ်။

သူနဲ့ နှစ်ရက်ကြာလောက် ထိုင်စကားပြောခဲ့တာကြောင့် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ သဘောထား ပြောင်းလဲလာပြီးတော့ တခုခု အပြောင်းအလဲ လုပ်လာလိမ့်မယ်လို့ သူ မျှော်လင့်တဲ့အကြောင်း ဒန်းနစ် ရော့မန်း (Dennis Rodman) က ABC ရုပ်သံ သတင်းဌာနရဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။

သမ္မတ အိုဘားမားလိုပဲ ကင်ဂျုံအွန်းဟာ ဘက်စကက်ဘော အားကစားကို နှစ်သက်တာကြောင့်မို့ ဒီအခြေခံပေါ်မှာ ခေါင်း ဆောင်နှစ်ဦး စပြီးတော့ ဆက်စပ်နိုင်လိမ့်မယ်လို့ ဒန်းနစ် ရော့မန်း (Dennis Rodman) က အကြံပြုပါတယ်။

ကင်ဂျုံအွန်း ကို မိတ်ဆွေတဦးအနေနဲ့ နှစ်သက်တယ်လို့လည်း ဒန်းနစ် ရော့မန်း (Dennis Rodman) က ပြောဆိုသွားပါတယ်။ ရော့မန်းရဲ့ခရီးစဉ်ဟာ ပုဂ္ဂလိက ခရီးစဉ်သာဖြစ်တယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ရှင်းရှင်းလင်းလင်းပဲ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ပြည်သူတွေ ငတ်မွတ်နေတဲ့အချိန်မှာ အခုလိုမျိုး နာမည်ကျော် အားကစားသမားတဦးနဲ့ သောက်စားနေတဲ့အပေါ်မှာလည်း အမေရိကန် တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အခု ဒီ ရော့မန်းနဲ့ တွေ့ဆုံတာဟာ ကင်ဂျုံအွန်းအနေနဲ့ ၂၀၁၁ ခုနှစ် သူ အာဏာယူပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အကျော်အမော်တဦးနဲ့ လက်ခံတွေ့ဆုံ စကားပြောခြင်းလည်း ဖြစ်ပါတယ်။
XS
SM
MD
LG