သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စံတော်ချိန်ပြောင်းလဲသတ်မှတ်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ။ (ဇူလိုင် ၈၊ ၂၀၁၅)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ။ (ဇူလိုင် ၈၊ ၂၀၁၅)

မြောက်ကိုရီးယားနိုင်ငံဟာ သူ့နိုင်ငံအတွက် စံတော်ချိန်သစ်တရပ်ကို ထုတ်ပြန် လိုက်ပါတယ်။ ဂျပန် ကိုလိုနီခေတ်ကတည်းက သုံးစွဲလာတဲ့ လက်ရှိအချိန်ထက် မိနစ် ၃၀ နောက်ကျပြီး သတ်မှတ် လိုက်တဲ့ ဒေသစံတော်ချိန်သစ်ကို လာမယ့်အပါတ်အတွင်း အတည်ပြုသုံးစွဲမှာပါ။

ဒုတိယကမ္ဘာစစ်ပြီးဆုံးကာနီး ဂျပန်လက်အောက်ကနေ လွတ်မြောက်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစတင်ပြီး ဒီစံတော်ချိန်သစ် ကို အသုံးပြုမှာဖြစ်တယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ဒီကနေ့မှာ ကြေညာပါတယ်။ ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ဂျပန် လက်အောက်မှာ ကိုရီးယား တနိုင်ငံထဲအဖြစ် ရှိနေစဉ်ကတည်းက သုံးစွဲခဲ့တဲ့ လက်ရှိစံတော်ချိန်ကို မြောက်၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတွေဟာ အသုံးပြုနေတာဖြစ်ပါတယ်။

ဒီစံတော်ချိန်ဟာ နိုင်ငံတကာစံတော်ချိန် GMT ထက် ၉ နာရီစောပါတယ်။ အခုလိုမြောက်ကိုရီးယားဘက်က စံတော်ချိန်သစ်တရပ် သတ်မှတ်သုံးစွဲတာဟာ ငယ်ရွယ်တဲ့ ခေါင်းဆောင်သစ် Kim Jong Un ရဲ့ ဂျပန်ဆန့်ကျင်တဲ့ အမျိုးသားရေး စိတ်ဓါတ်ကို မီးမောင်းထိုးပြချင်တာကြောင့်ဖြစ်တယ်လို့ အကဲခပ်တချို့က သုံးသပ်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံလုံးက အထူးသဖြင့် သက်ကြီးရွယ်အိုတွေကြား မှာ စစ်အတွင်း ဂျပန်တွေရဲ့ လုပ်ရပ်တွေအပေါ် အထူး မကျေမနပ်ဖြစ်နေ ကြတာပါ။ အဲဒီကာလတွေအတွင်း ဂျပန်တွေဟာ ထောင် သောင်းချီတဲ့ ကိုရီးယားနိုင်ငံသားတွေကို အတင်းအဓမ္မ စစ်မူထမ်းခိုင်းတာ၊ ကျွန်ပြုခိုင်းစေတာ၊ လိင်ကျွန်အဖြစ် စေခိုင်းခဲ့ပါတယ်။

တောင်ကိုရီးယားဘက်ကတော့ လက်တွေ့ကျပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဂျပန်နိုင်ငံနဲ့ စံတော်ချိန်တူဖြစ်တဲ့ လက်ရှိအချိန်ကိုပဲ ဆက်လက်သုံးစွဲမှာဖြစ်ပါတယ်။

XS
SM
MD
LG