သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု မြန်မာထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှု


မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဌာနက အထူးစိုးရိမ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာဟာ အဲဒီ စမ်းသပ်ဖောက်ခွဲမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း ရဲ့ ဝေဖန်မှုအပေါ် မြန်မာနိုင်ငံက ထောက်ခံကြောင်း ပြသလိုက်တာပဲ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

မြန်မာကိုရီးယား နျူကလီးယားကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က အခုလို ကြေညာချက် ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် မကြာခင် တက်လာတော့မယ့် အစိုးရသစ်အတွက် ပြဿနာ ပိုမို ရှုပ်ထွေးစေတဲ့ သဘော သက်ရောက်စေတယ်လို့လည်း သုံးသပ် ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အပျက်အစီး ကြီးမားနိုင်တဲ့ အလားအလာရှိတဲ့ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးတဲ့နောက် အဲဒီကိစ္စနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း မြန်မာအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် နိုင်ငံတကာ လက်နက်မပြန့်ပွားရေး သေဘာတူညီချက်ကို ထိခိုက်စေပြီး ဒေသတွင်း တင်းမာမှုကိုလည်း မြင့်တက်စေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အခုလို ကြေညာချက်မျိုး ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ထူးခြားမှုရှိပြီး မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြား ပတ်သက်မှု မရှိဘူးဆိုတာ ပြသလိုက်တာပဲ ဖြစ်တယ်လို့ မြန်မာ့အရေးနဲ့ မြောက်ကိုရီးယားအရေးတွေကို အထူးပြု လေ့လာနေတဲ့ ပါမောက္ခ David Steinberg က ပြောပါတယ်။

“မြောက်ကိုရီးယားက လက်ရှိလုပ်ဆောင်နေတဲ့ ကိစ္စတွေကို မြန်မာအစိုးရအနေနဲ့ မလိုလားဘူးဆိုတာကို အနောက်အုပ်စု နိုင်ငံတွေ အပါအဝင်၊ ဂျပန်၊ တရုတ်တို့သိအောင် ပြသလိုက်တာလို့ ကျနော်ထင်ပါတယ်။ မြန်မာအစိုးရရဲ့ ကြေညာချက် နောက်ကွယ်မှာ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိနိုင်ပေမဲ့ အဲဒီတခုထဲတော့ ဟုတ်မယ်လို့ ကျနော် မထင်ပါဘူး။ အရင် စစ်အစိုးရလက်ထက်တုန်းက ယူဆထားခဲ့တဲ့အချက်တွေ လွဲမှားနေတယ်ဆိုတာကို ဒီအစိုးရက သဘောပေါက်လာတာလဲ ဖြစ်နိုင်ပါတယ်။”

အရင် စစ်အစိုးရ လက်ထက်တုန်းက ယူဆခဲ့တဲ့ အချက်ဆိုတာကတော့ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ လက်ထက်တုန်းက အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ဝင်ရောက် သိမ်းပိုက်လိမ့်မယ်ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့ပြီး အမေရိကန်ရဲ့ အဲဒီလို လုပ်ဆောင်မယ့်အန္တရာယ်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက ဟန့်တားနိုင်တာကြောင့် မြောက်ကိုရီးယား နည်းတူ နျူကလီးယားလက်နက် တည်ဆောက်ဖို့ စတင် ခြေလှမ်း လှမ်းခဲ့တဲ့ကိစ္စကို ဆိုလိုတာဖြစ်တယ်လို့ ပါမောက္ခ Steinberg က ပြောပါတယ်။

စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကတော့ မြန်မာအစိုးရက အခုလို ထူးထူးခြားခြား ကြေညာချက်ထုတ်ပြန်တာဟာ မရိုးသားဘူးလို့ ထင်မြင် ယူဆကြောင်း ပြောပါတယ်။

“ရိုးသားတဲ့အနေအထားတော့ မရှိဘူးခင်ဗျ။ ဒီဥစ္စာက ပထမဦးဆုံးအကြိမ် မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာမှာမြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့မှ ပထမဦးဆုံး ထုတ်ပြန်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျနော့် အမြင် ပြောရရင်ပေါ့လေ၊ မကြာခင် နိုင်ငံတော်ရဲ့တာဝန်ယူမယ့် အစိုးရအသစ်အတွက်ကို ပြဿနာတခု ထားခဲ့တယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရတလျှောက်လုံးဗျာ၊ ဒီ ဦးသိန်းစိန်အစိုးရ လက်ထက်အထိပဲ ဆိုပါတော့၊ ဒီ မြောက်ကိုရီးယားနဲ့ လက်နက်ကိစ္စက တောက်လျှောက်လုပ်ခဲ့ပြီးတော့ ပတ်သက်ခဲ့တာ Data ရှိပါတယ်။ အခုအချိန်မှာလည်း အနဲအကျဉ်း အကြွင်းအကျန်တော့ ကျန်သေးတယ်ဗျ။ ဒါကိုလည်း အမေရိကန်က သိလို့ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ဘာတို့ကို Sanction ချတဲ့ အနေအထားမျိုးတွေ ရှိခဲ့တာ သိရမှာ ဖြစ်ပါတယ်။ အခုလဲ ပြီးပြတ်သွားသလားဆိုတော့ မပြီးပြတ်သေးပါဘူး။ ဘာဖြစ်လို့ မပြီးပြတ်သေးလဲဆိုတော့ ဒီ စစ်လက်နက် ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ယန္တရားတော်တော်များများဟာ အရင်တုန်းက ကျနော်တို့ ဂျာမနီနဲ့လုပ်တဲ့ဥစ္စာတွေ အားလုံးက မြောက်ကိုရီးယားနဲ့ ပေါင်းပြီး လုပ်ထားတဲ့အခါကျတော့ ဒါတွေကို ပြန်ပြီးတော့မှ ထုတ်ဖို့ဆိုတဲ့ဥစ္စာက တော်တော်လေးသူတို့ အချိန်ယူရတဲ့ အနေအထားမျိုး ရှိပါတယ်။ တနည်းအားဖြင့်ပြောရရင်ပေါ့ဗျာ၊ ဒီမပြတ်သေးတဲ့ကိစ္စတွေကို နောင်တက်လာမယ့်အစိုးရနဲ့ တပ်မတော်အပါအဝင်ပေါ့လေ၊ NLD နဲ့ တပ်မတော်နဲ့ နောက် ဒီ အမေရိကန်နဲ့ကို ပြဿနာဖြစ်အောင်ပေါ့လေ မီးစလေးတခု ထားခဲ့တယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ လက်ထက်အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းကိုယ်တိုင် မြောက်ကိုရီးယားနိုင်ငံကိုသွားပြီး နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တဲ့ သာဓက ရှိခဲ့ဘူးတာကိုလည်း ဦးအောင်လင်းထွဋ်က ထောက်ပြ ပြောဆိုပါတယ်။

“ကျနော်တို့ ၂၀၀၈ ခုနှစ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းကိုယ်တိုင် မြောက်ကိုရီးယားကို သွားခဲ့ပြီးတော့မှ စာချုပ်စာတမ်းတွေမှာ လက်မှတ်ထိုးခဲ့တာ အထင်အရှား တခုပါပဲ။ ကျနော်တို့ ရှိစဉ်ပေါ့လေ။ ၁၉၉၂၊ ၉၃ လောက်ကတည်းက မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံပေါ့လေ လက်နက်စက်ရုံတွေမှာ ပေါင်းပြီး လုပ်ဖို့ကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တည်းကပါ။ နောက်ပိုင်း ရှင်းရှင်းပြောရရင် နျူကလီးယားအထိကို အဲဒီအချိန်က ရည်ရွယ်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။”

စစ်အစိုးရလက်ထက်အတွင်း နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ မြန်မာအစိုးရက မြောက်ကိုရီးယားထံက အကူအညီ ရယူနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမဲ့လည်း အဲဒီတွေသတင်းတွေကို ဘယ်သူကမှ လက်တွေ့ အတည် မပြုနိုင်ခဲ့ကြသလို၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ပြောဆိုမှုတွေ မမှန်ကန်ကြောင်း အလျဉ်းသင့်သလို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နျူကလီးယားတည်ဆောက်ရေး စီမံကိန်းတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာကို ချပြခဲ့ဖူးတဲ့ မြန်မာ့တပ်မတော် အရာရှိဟောင်း စိုင်းသိန်းဝင်းကလည်း မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ သူ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေစဉ် ကာလတုန်းက မကြားသိခဲ့ရဘူးလို့ ပြောပါတယ်။

“တလောက ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ နျူကလီးယားနဲ့ ပတ်သက်ပြီးတော့ မြောက်ကိုရီးယားတွေကို သုံးတာ မတွေ့ဘူးဗျ။ သူတို့ဆီက အကြံဉာဏ်ယူတာရော၊ နည်းပညာယူတာကို ကျနော် တွေ့ခဲ့မြင်ခဲ့တာ မရှိဘူးခင်ဗျ။ တခြား သမရိုးကျ လက်နက်ထုတ်လုပ်တဲ့နေရာမှာတော့ မြောက်ကိုရီးယားတွေရဲ့ အကူအညီကို အများကြီး ယူပါတယ်။ ထဲထဲဝင်ဝင် ကက စက်ရုံတွေထဲမှာကို မြောက်ကိုရီးယားအရာရှိတွေ လာအလုပ်လုပ်တာတွေ ရှိတယ်။ ဒါပေမဲ့ နျူကလီးယားနဲ့ ပတ်သက်လို့ကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်တာမျိုး မတွေ့မိဘူးဗျ။”

အခုလို မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်အပေါ် မြန်မာအစိုးရက စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်တဲ့ အချိန်ထိ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးတွေ ပုံမှန်ရှိနေသလို၊ အဆင့်မြင့် အရာရှိတွေ အပြန်အလှန် သွားရောက် လည်ပတ်တာ၊ နှစ်နိုင်ငံ အကြားက သတင်းမီဒီယာတွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ အစီအစဉ်တွေ ချမှတ်တာတွေ ရှိနေခဲ့ပါတယ်။

XS
SM
MD
LG