သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအရေးယူမှုကို ရှောင်ဖို့ မြောက်ကိုရီယား သင်္ဘောတွေ နာမည်ပြောင်း


ပနားမားမှာ ရပ်နားထားတဲ့ မြောက်ကိုရီးယား သင်္ဘော။
ပနားမားမှာ ရပ်နားထားတဲ့ မြောက်ကိုရီးယား သင်္ဘော။

တရားမဝင်လက်နက် မှောင်ခိုသယ်ယူဖို့ ကြိုးစားခဲ့လို့ အဖမ်းခံခဲ့ရတဲ့ မြောက် ကိုရီးယား သင်္ဘောကုမ္ပဏီတခုဟာ သူ့ကို အရေးယူ ဒဏ်ခတ်ထား တာတွေကို ရှောင်ရှားနိုင်ဖို့ သူ့ကုမ္ပဏီက သင်္ဘော အများစုကို နာမည်သစ်ပြောင်းပြီး ပိုင်ရှင် အသစ်ပြောင်းပစ်ခဲ့တယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားအတွက် အရေးယူဒဏ်ခတ်မှုတွေကို စောင့်ကြည့်နေတဲ့ ကျွမ်းကျင်သူများ အဖွဲ့က ရေးသားတဲ့ ဒီအစီရင်ခံစာထဲမှာ မြောက်ကိုရီးယား အစိုးရဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချ တားမြစ်ထားတဲ့ သူ့ရဲ့ နျူကလီယားနဲ့ ဝေဟင်ပစ်ဒုံးကျည် အစီအစဉ်တွေကို ဆက်လုပ်နေတုန်းပဲ လို့လည်း ရေးသားထားပါတယ်။

မြောက်ကိုရီးယားကို လက်နက်မျိုးစုံ၊ နျူကလီယားနဲ့ ဒုံးကျည်ဆိုင်ရာ နည်းပညာတွေ နဲ့ ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ် တင်သွင်းမှုနဲ့ ပါတ်သက်ပြီး ကျယ်ပြန့်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတားမြစ်ချက်တွေ ကို မြောက်ကိုရီးယားက နည်းမျိုးစုံ ရှာပြီး ဆက်လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် OMM ပင်လယ်ရေကြောင်း စီမံခန့်ခွဲရေး ကုမ္ပဏီပိုင် သင်္ဘောတစင်းကို ၂၀၁၃ ခုနှစ်တုန်းက ကျူးဘားနိုင်ငံက လက်နက်တွေ ခိုးပြီးသယ်ယူလာမှုနဲ့ ပနားမားမှာ ဖမ်းဆီးရမိခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကုမ္ပဏီကို အရေးယူ ဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။

ချုံချွန်ဂန်း (Chong Chon Gang) သင်္ဘောနဲ့ အဲဒီတုန်းက သကြား အိတ်တွေအောက်မှာ ဖွက်ပြီး သယ်ယူလာတဲ့ လက်နက်တွေထဲမှာ ဆိုဗီယက်ခေတ် သုံး တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ကျည်ဆံတွေပါဝင်ပြီး ပနားမား တူးမြောင်းကို ဖြတ်ဖို့ ကြိုးစားတုန်း ဖမ်းမိခဲ့တာပါ။

OMM ကို နာမည်မည်း စာရင်းထဲ ထည့်သွင်းလိုက်ပြီး လအနည်းငယ်အကြာအထိ သင်္ဘောတွေကို ဝှက်ပြီး သုံးနေသလို နောက်ပိုင်းမှာတော့ နံမယ်သစ်တွေ ပြောင်းပြီး တခြား ကုမ္ပဏီတွေဆီ လွှဲပြောင်းပေးပြီး ပိုင်ရှင်အသစ်အဖြစ် စာရင်းဝင်စေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

XS
SM
MD
LG