သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝေးပစ်ဒုံးယာဉ် မြောက်ကိုရီးယား ပစ်လွှတ်


တာဝေးပစ်ဒုံးယာဉ် မြောက်ကိုရီးယား ပစ်လွှတ်
တာဝေးပစ်ဒုံးယာဉ် မြောက်ကိုရီးယား ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံရဲ့အဆိုအားဖြင့် ဂြိုဟ်တုတလုံး သယ်ဆောင်သွားတယ်လို့ဆိုတဲ့ တာဝေးပစ်ဒုံးယာဉ်တစင်းကို ဒီကနေ့ ပစ်လွှတ်လိုက်ပါတယ်။ ဒါဟာဖြင့် ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးမပြုဖို့ ကုလသမဂ္ဂက ပိတ်ပင်ကန့်သတ်ထားတာကို အန်တု လုပ်ဆောင်လိုက် တာပါ။

မြောက်ကိုရီးယား နိုင်ငံရဲ့ အနောက်မြောက်ပိုင်း တရုတ်နိုင်ငံနဲ့ နယ်စပ်အနီးမှာ ရှိတဲ့ ဒုံးယာဉ် လွှတ်တင်ရေး စခန်း Tongchang- ri ကနေ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။ ဒုံးယာဉ်ဟာ တောင်ဘက်စူးစူးလမ်းကြောင်းကို ဦးတည်ပြီးတော့ ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းတွေပေါ်ကနေ ဖြတ်သွားပါတယ်။ ဒီနောက်မှာတော့ ဒုံးယာဉ် ပစ်လွှတ်လိုက်တယ်ဆိုတာကို တရားဝင် အတည်ပြုတဲ့ ကြေညာချက်ကို နိုင်ငံပိုင် သတင်းဌာန KCNA ကနေတဆင့် ကြေညာ ထုတ်ပြန်ခဲ့တယ်။

မြောက်ကိုရီးယား နိုင်ငံက သိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်တွေက ကမ္ဘာမြေကို လေ့လာနိုင်မယ့် Gwangmyongsong – 4 လို့ အမည်ပေးထားတဲ့ ဂြိုဟ်တုကို အာကာသထဲကို လွှတ်တင်နိုင်ခဲ့ပါပြီ။ နိုင်ငံရဲ့ ၅ နှစ်ကြာ အာကသ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းနဲ့ အခု ဂြိုဟ်တုကို တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNAက သတင်းကြေညာသူက ပြောသွားပါတယ်။

အမေရိကန် မဟာဗျူဟာ ကွပ်ကဲမှုဌာနချုပ်ကတော့ သူတို့အဆိုအားဖြင့် ဒုံးယာဉ်တစင်း အာကာသထဲ ဝင်သွားတာကို သတိပြုမိထားတယ်လို့ ဆိုတာ ကြောင့် အခုပစ်လွှတ်မှု အောင်မြင်တယ်ဆိုတာကို ပြနေပါတယ်။ တောင်ကိုရီးယား Yonhap သတင်းဌာနကတော့ ဒုံးယာဉ်ဟာ အာကသထဲကို မရောက်ဘဲ တောင်ကိုရီးယားနိုင်ငံ ဂျေဂျူးကျွန်းတွေနားက ပင်လယ်ပြင်မှာ ပျက်ကျခဲ့တယ်လု့ိ အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားက ဒုံးယာဉ် ပစ်လွှတ်စမ်းသပ်ရင် ပစ်ချမယ်လို့ ဂျပန်က သတိပေးထားပြီး သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်ကို အသင့်ပြင် ခိုင်းထားပေမဲ့လည်း အခုပစ်လွှတ်လိုက်တဲ့ ဒုံးယာဉ်ကိုပစ်ချဖို့ ဂျပန်က လုပ်ဆောင်ခဲ့ပုံမရပါဘူး။ ဒုံးယာဉ် လမ်းကြောင်းကို ထောက်လှမ်းစောင့်ကြည့်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် မဟာမိတ်တွေကို ခြိမ်းခြောက်မှု မရှိဘူးလို့ ပြောဆိုပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း မြောက်ကိုရီးယားက အဆင့်သုံးဆင့်ပါ ဒုံးယာဉ်တစင်းကို အောင်အောင်မြင်မြင် ပစ်လွှတ်ပြီး ဂြိုဟ်တုတလုံးကို ကမ္ဘာပတ် လမ်းကြောင်းထဲ ပို့ခဲ့ပါသေးတယ်။

XS
SM
MD
LG