သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုဇုန်ကအလုပ်သမားတွေ မြောက်ကိုရီးယားပြန်ခေါ်


မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်ခေါ်ယူ လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက် အသွယ်ကို ဖြတ်တောက်ပစ်လိုက်တာလည်းဖြစ်ပါတယ်။

စက်မှုဇုန်ရဲ့ လုပ်ငန်း လုပ်ဆောင်မှုတွေအားလုံးကို အမြဲ ပိတ်ပစ်လိုက်မှာလား ပြန်ဖွင့် မလားဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ ဆုံးဖြတ်ချက် ချဖို့ စဉ်းစားနေချိန်မှာ စက်မှုဇုန်ရဲ့ လည်ပတ်မှု အားလုံးကို ရပ်တန့်ထားရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံ အာဏာရပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ကင်ယန်ဂွန် (Kim Yang Gon) က နိုင်ငံပိုင် သတင်းဌာန ဖြစ်တဲ့ KCNA ကို တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင် ဆင်နေတယ်ဆိုပြီး တောင်ကိုရီးယားနိုင်ငံက ပြောဆိုလိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က အခုလို တုန့်ပြန်လုပ်ဆောင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဖေါင်ဂျီရီ နျူကလီးယား စမ်းသပ်မှုပြုလုပ်တဲ့နေရာမှာ လှုပ်ရှားမှုတွေ ရှိနေတဲ့ အရိပ်အယောင် တွေ့ရတဲ့အကြောင်း တောင်ကိုရီးယား
နိုင်င်ငံရဲ့ ပြန်လည်ပေါင်းစီးရေးဝန်ကြီး ရီယို ခေယေး (Ryoo Kihl-jae) က ဥပဒေပြု လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီလို အထောက်အထားတွေ မတွေ့ရပါဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံသားတဦးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က နောက်ထပ် ခြိမ်းခြောက်မှုတွေ ထပ်မလုပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ မစ္စတာ ဘန်ကီမွန်း က the Hague မှာ ပြောဆိုလိုက်တာပါ။
XS
SM
MD
LG