သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား သတိပေး


မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတဲ့အတွက် ပြုံယမ်းမြို့မှာ ရှိနေတဲ့ နိုင်ငံခြားသံရုံးတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ဖို့အတွက် စဉ်းစားကြဖို့ မြောက်ကိုရီးယားအစိုးရက တိုက်တွန်းလိုက်ပါတယ်။

ရုရှား နဲ့ ဗြိတိန်သံရုံးက ဝန်ထမ်းတွေကို ဘေးလွတ်ရာကို ရွှေ့ဖို့ မြောက် ကိုရီးယားဘက်က ပန်ကြားချက်ကို သောကြာနေ့က လက်ခံရရှိခဲ့တယ်လို့ ရုရှားနဲ့ ဗြိတိန်နိုင်ငံတို့က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သံရုံး ဝန်ထမ်းတွေကို ချက်ချင်းပြန်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။

ပြုံယမ်းမြို့တော်က အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ရှိနေတယ် လို့ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ ရုရှားသံရုံးတာဝန်ရှိသူ Denis Samsonov က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ရှိတဲ့ သံရုံးတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ဧပြီလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး သူတို့ရဲ့ လုံခြုံရေးကို အာမ မခံနိုင်တော့ဘူးလို့ မြောက်ကိုရီးယားဘက်က သတိပေးခဲ့ကြောင်း ဗြိတိန်နိုင်ငံက ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်၊ အမေရိကန်အပါအဝင် မြောက်ကိုရီးယားနိုင်ငံနဲ့ ၆ နိုင်ငံဆွေးနွေးပွဲမှာ ပါတဲ့ နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေလုပ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတာနဲ့ ပတ်သက်ပြီးတော့လည်း သူ့အနေနဲ့ အထူးပဲ အထိတ်တလန့်ဖြစ်ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပြီး အမေရိကန်နိုင်ငံကို လည်း နျူကလီယားနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
XS
SM
MD
LG