သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စားသောက်ဆိုင်တွေ ထောက်လှမ်းရေး လုပ်


Amsterdam က မြောက်ကိုရီးယား စားသောက်ဆိုင်။
Amsterdam က မြောက်ကိုရီးယား စားသောက်ဆိုင်။

မြောက်ကိုရီးယားဟာ ကမ္ဘာတဝှမ်းမှာ စားသောက်ဆိုင် ကွန်ယက်ဖြန့် ထားပြီး နိုင်ငံခြားသားတွေဆီက အထူးသဖြင့် တောင်ကိုရီးယား နိုင်ငံသားတွေဆီက အချက်အလက်တွေကို ရယူဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားမှာ ဖွင့်ထားတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ခဲ့သူ တဦးက VOA ကိုပြောပါတယ်။

မြောက်ကိုရီးယားက ကမ္ဘာတဝှမ်းမှာ စားသောက်ဆိုင်ပေါင်း ၁၃၀ လောက် ဖွင့်ထားတာ ဖြစ်ပြီး အများအားဖြင့် တရုတ်နိုင်ငံထဲမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ဝန်ထမ်းတွေ ခန့်ထားတဲ့ သူတို့ဆိုင်တွေ မှာ မြောက်ကိုရီးယား ဟင်းလျာတွေ ရောင်းချတာပါ။ ဒီလိုလုပ်ဆောင်တာဟာ မြောက်ကိုရီးယားရဲ့ ညင်သာတဲ့ နည်းလမ်းတွေထဲက တခုလို့ အများက မြင်ကြပေမယ့် ဒီဆိုင်တွေကနေ တခြားလုပ်ငန်းတွေ ကိုပါ လုပ်နေနိုင်တယ် လို့လည်း သံသယရှိကြတာပါ။

တချို့တောင်ကိုရီးယားနဲ့ အနောက်တိုင်း သတင်းဌာနတွေကတော့ မြောက်ကိုရီးယား အစိုးရဟာ ဒီစားသောက်ဆိုင်တွေကနေတဆင့် ငွေကြေးခဝါချတာလိုမျိုး တရားမဝင်လုပ်ငန်းတွေ လုပ်နေတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

မြောက်ကိုရီးယား အစိုးရရဲ့ ပြည်ပ စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဘူးတဲ့ J လို့ပဲ နာမည် ဖေါ်ပြ ခွင့်ပေးသူကတော့ ဒီစားသောက်ဆိုင်တွေက စားပွဲထိုးတွေက စားသောက်ဆိုင် လာစားသူတွေဆီက အချက်အလက်တွေ စုဆောင်းပြီး မြောက်ကိုရီးယားကို ပြန်ပို့ပေးကြတယ်လို့ ပြောပါတယ်။

သူတို့ဟာ စားသောက်ဆိုင်လာသူ အထူးသဖြင့် တောင်ကိုရီးယားတွေ ဆီက ကိုယ်ရေး အချက်အလက်တွေကို သူတို့ အထက်လူကြီးဆီ ပို့ပေးကြရ သလို လွတ်လပ်မှု လည်း မရှိဘူးလို့ ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရ လုံခြုံရေးဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ ကြီးကြပ်သူ တဦးကို စားပွဲထိုး ၁၀ ယောက်ကနေ အယောက် ၂၀ ကြား ကို စောင့်ကြည့် ကြီးကြပ်ရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယား စမ်းသပ်မှုနဲ့ ပဲ့ထိမ်းတပ် ဒုံးကျည် ပစ်လွှတ်မှုတွေ နောက်ပိုင်း တောင်ကိုရီးယား အစိုးရက မကြာသေးခင်ကပဲ ဒီစားသောက်ဆိုင်တွေကို မသွားဖို့ ပန်ကြားခဲ့တာမို့ ဒီဆိုင်တွေဟာ ငွေကြေးပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။ သောကြာနေ့မှာတော့ ပြည်ပစားသောက်ဆိုင်တွေမှာ လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယား ၁၃ ယောက်ဟာ တောင်ကိုရီးယားမှာ ခိုလှုံခွင့်တောင်းခဲ့တယ်လို့ တောင်ကိုရီးယားက ၂ နိုင်ငံ ပြ့န်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

XS
SM
MD
LG