သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ နှစ်အတွင်း ပထမဆုံး ကိုရီးယား အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အခုသီတင်းပတ်အတွင်း ပြုလုပ်မယ့်
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးပွဲတွေအတွက် ကြိုတင် ပြုလုပ်တဲ့ အခြေခံ မူဝါဒဆိုင်ရာ ဆွေးနွေးမှုတွေဟာ တနင်္လာနေ့ မနက်အစောပိုင်းအထိ ရောက်သွားခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်ခြားဒေသမြို့ဖြစ်တဲ့ Panmunjom မှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဆွေးနွေးမှုဟာ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အဆင့်မြင့် ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

နှစ်ဘက်အစိုးရ ကိုယ်စားလှယ်တွေ မကြာခင် ပြုလုပ်မယ့် ဆွေးနွေးမှုတွေဟာ နှစ်နိုင်ငံ ပူးတွဲ ဖွင့်လှစ်ထားပြီး လတ်တလော ပိတ်ထားတဲ့ စက်မှုဇုံ ၂ ခုကိစ္စနဲ့ နှစ်နိုင်ငံဖက်မှာ ကွဲနေကြတဲ့ မိသားစုတွေ ပြန်လည် စုံစည်းရေးကိစ္စတွေကို ဆွေးနွေးကြမယ့်အကြောင်း ဒီဆွေးနွေးပွဲအတွင်း သဘောတူခဲ့တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌနာ ပြောခွင့်ရပုဂ္ဂိုလ် Kim Hyung-suk က ပြောပါတယ်။

၁၈ နာရီကြာတဲ့ ဒီတွေ့ဆုံ ဆွေးနွေးမှုကိုတော့ မြောက်ကိုရီးယား
နိုင်ငံဘက်အခြမ်းမှာ ဖွင့်ထားတဲ့ Kaesong စက်မှုဇုံ ပြန်ဖွင့်ရေးကိစ္စ
ဆွေးနွေးဖို့ မြောက်ကိုရီးယားဖက်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မမျှော်လင့်ပဲ ကမ်းလှမ်းလာပြီးတဲ့နောက်မှာ ပြုလုပ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်း နှစ်နိုင်ငံအကြား တင်းမားမှုတွေ ဖြစ်ပေါ်ပြီးနောက် အဲဒီ စက်မှုဇုံကိုလည်း ပိတ်ထားခဲ့ရတာပါ။

မြောက်ကိုရီးယားနိုင်ငံထဲမှာရှိတဲ့ Kumgang တောင် အပန်းဖြေစခန်းကို ခရီးသည်တွေ ပြန်လည် လည်ပတ်နိုင်ရေးကိစ္စကိုလည်း ဆွေးနွေးကြဖို့ မြောက်ကိုရီးယားဖက်က ကမ်းလှမ်းခဲ့ပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့တွေက တောင်ကိုရီးယား ခရီးသွားတဦးကို ၂၀၀၈ ခုနှစ် ပစ်သတ်လိုက်ပြီးတဲ့နောက်ပိုင်း တောင်ကိုရီးယားက အဲဒီ ခရီးသွားအစီအစဉ်ကို ရပ်ဆိုင်းထားခဲ့တာပါ။
XS
SM
MD
LG