သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေဘုရင် မြန်မာခရီးစဉ် လူ့အခွင့်အရေးလှုပ်ရှားသူတွေ သတိနဲ့ကြို


နော်ဝေးဘုရင်မင်းမြတ် Harald နဲ့ သမ္မတဦးသိန်းစိန်တို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်။ (ဒီဇင်ဘာ ၁၊ ၂၀၁၄)
နော်ဝေးဘုရင်မင်းမြတ် Harald နဲ့ သမ္မတဦးသိန်းစိန်တို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်။ (ဒီဇင်ဘာ ၁၊ ၂၀၁၄)

နော်ဝေဘုရင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ နိုင်ငံရေးအရေဖိအားပေးမှုကို ချိန်ခွင်လျာညှိပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုးတက်လာအောင် ကူညီပေးဖို့ နော်ဝေအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေက တောင်းဆိုလိုက်တဲ့ အတောအတွင်း နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော်အနေနဲ့ မြန်မာနိုင်ငံမှာ ကလေးလုပ်အား အသုံးပြုမှုတွေရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုက တနင်္လာနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

အသက် (၇၇) နှစ်အရွယ် နော်ဝေဘုရင် Harald (ဟာဒါးလ်) နဲ့မိဖုရား Sonja (ဆွန်ရာ) တို့တနင်္လာနေ့က နေပြည်တော်ကို ရောက်ရှိလာခဲ့တာပါ။ အခုလို နော်ဝေးဘုရင်ရဲ့ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုပေမယ့် မြန်မာ့ပြုပြင်ပြောင်းလဲရေး နောက်ပြန်ဆုတ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားတဲ့ကာလမှာ ခရီးစဉ်နဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိကြောင်း နော်ဝေအခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ကို ဦးဆောင်နေသူ ကိုညိုက အခုလို ပြောပါတယ်။

“ဗမာပြည်နဲ့နော်ဝေးနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ အားကောင်းလာစေဖို့ မျက်နှာပြတဲ့အလယ်အပတ်ခရီးပဲလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခရီးစဉ်က ဗမာပြည်မှာ တည်ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီးတော့ ခိုင်မာအောင်၊ နှစ်နိုင်ငံပိုပြီးတော့ ဆက်ဆံရေးကောင်းဖို့အတွက် လုပ်သွားမယ့်သဘောရှိတယ်။ ဒါက ဝမ်းမြောက်စရာပဲ၊ ကျနော်တို့လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ တဘက်က လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုတောင်မှ ဒီကနေ့အထိ ငြင်းဆန်နေတဲ့အစိုးရနဲ့ ဘယ်လိုဆက်ပြီးတော့ မြန်မာပြည်ရဲ့ဒီမိုကရေစီ တိုးတက်ဖို့ကိစ္စကို၊ လူ့အခွင့်အရေးတိုးတက်ဖို့ကိစ္စကို ဘယ်လိုလုပ်နိုင်မှာလဲဆိုတဲ့ဟာကို ကျနော်တို့ သံသယအများကြီး ရှိတယ်။ နော်ဝေးနိုင်ငံက အာဏာရှင်ကို ပုံစံတမျိုးနဲ့ ကြီးထွားလာအောင် မြှောက်ထိုးပင့်ကော် လုပ်မယ့်အနေအထားမျိုး ဖြစ်သွားမှာကိုတော့ ကျနော်တို့ စိုးရိမ်တယ်။”

နော်ဝေအခြေစိုက်မြန်မာနိုင်ငံသားအဖွဲ့အနေနဲ့လည်း နော်ဝေဘုရင်ရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတဲ့ ကိစ္စရပ်တွေကို နော်ဝေဘုရင်နဲ့ ဝန်ကြီးချုပ်ဆီကို ခရီးစဉ်မတိုင်ခင်က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့တယ်လို့ ဦးဆောင်လှုပ်ရှားနေသူ ကိုမြင့်အေးက ပြောပါတယ်။

“နော်ဝေးလိုမျိုး မြီရှင်နိုင်ငံတခုက၊ သို့မဟုတ်ရင် ဒီမိုကရေစီ အင်မတန်အားကောင်းတဲ့နိုင်ငံတခုက အားပေးမှုရတယ်ဆိုရင် ဒီစစ်အစိုးရဟာ လူထုအပေါ်မှာ ပိုပြီးတော့ ဖိနှိပ်မလားဆိုတဲ့စိုးရိမ်မှုလည်း ကျနော်တို့က ရှိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့က နော်ဝေးဘုရင်သွားတဲ့အခါမှာ သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး စောစောက ကျနော်ပြောခဲ့တဲ့အချက်တွေကို လျစ်လျှူမရှုဘဲနဲ့ ကျင့်ဝတ်နဲ့ညီတဲ့ နောက်ပြီးတော့ လူအများပေါ့ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ အပါအဝင်ပေါ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါ ဆိုတဲ့ တိုက်တွန်းတဲ့ကြေညာချက် ကျနော်တို့ထုတ်ပြီး အစိုးရနဲ့ နော်ဝေဘုရင်ကို ပေးပို့တာဖြစ်ပါတယ်။”

တနင်္လာနေ့က Save the Children ရဲ့ နော်ဝေဌာနခွဲကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောက တဆင့်ငှားရမ်းထားတဲ့ Contractors တွေအနေနဲ့ အသက် (၁၈) နှစ်အောက် ကလေးလုပ်အားအသုံးပြုမှုရှိတယ်ဆိုပြီးသတင်းကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ နော်ေ၀ စီးပွားရေးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဆောင်ရာမှာ နိုင်ငံတကာစံနှုန်းတွေကို စံပြအနေနဲ့ လုပ်ဆောင်သွင့်တယ်လို့ အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒါ့အပြင် စီးပွားရေးအကြောင်းပြပြီး လူ့အခွင့်အရေး ကျင့်ဝတ်သိက္ခာတွေကို မလျှော့ချသင့်ဘူးဆိုပြီး ရေးသား ထားပါတယ်။ မြန်မာနိုင်ငံကိုရောက်နေတဲ့ နော်ဝေဘုရင်နဲ့မိဖုရားဟာ ဒီကနေ့မှာ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောရဲ့ ရန်ကုန်ရုံးကို သွားရောက်ကြည့်ရှုမှာဖြစ်သလို မြန်မာနဲ့နော်ေ၀ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း နေ့လည်စာ အတူစားဖို့ရှိပါတယ်။

နော်ဝေးအခြေစိုက် Norway’s Burma Committee ကတော့ နော်ေ၀ စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ နော်ဝေအစိုးရရဲ့ အားပေးကူညီတာတွေဟာ အရေးကြီးတဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အလေးမထားတဲ့အခြေအနေမျိုး ရောက်သွားမှာကို စိုးရိမ်မိကြောင်း သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က နေပြည်တော်ကိုရောက်လာတဲ့ နော်ဝေဘုရင်နဲ့မိဖုရားဟာ သမ္မတဦးသိန်းစိန်နဲ့ တွ့ဆုံခဲ့သလို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့လည်း လွှတ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့် တွေ့ဆုံခဲ့တာပါ။ ဒီကနေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို သွားရောက်ကြည့်ရှုမှာဖြစ်ပြီး စိန်ရတုခန်းမဆောင်မှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

XS
SM
MD
LG