သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MOGE ဝင်ငွေ တချို့ နိုင်ငံ့ ဘဏ္ဍာထဲ မရောက်


အမေရိကန်နိုင်ငံ အခြေစိုက် သယံဇာတ ထုတ်လုပ်မှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ NRGI ။
အမေရိကန်နိုင်ငံ အခြေစိုက် သယံဇာတ ထုတ်လုပ်မှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ NRGI ။

မြန်မာနိုင်ငံမှာ နိုင်ငံပိုင် သယံဇာတ ထုတ်ယူရေးလုပ်ငန်းစုကြီးတွေဟာ နိုင်ငံ့ ဘဏ္ဍာငွေ ရရှိမှုနဲ့ သုံးစွဲမှုအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေတဲ့အပြင်၊ ဒီလုပ်ငန်းကြီးတွေဟာ အမြတ်ငွေထဲက အလွန် များပြားတဲ့ ပမာဏကို အစိုးရရဲ့ နှစ်စဉ် ဘဏ္ဍာငွေ ရှင်းတမ်းမှာ မဖော်ပြပဲ သီးခြား ဘဏ်အကောင့်တွေနဲ့ ထည့်ပြီး သိမ်းထားတာ တွေ့ရတယ်လို့ အမေရိကန်နိုင်ငံ အခြေစိုက် သယံဇာတ ထုတ်လုပ်မှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ NRGI က အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

ဇန်နဝါရီလ ၂၅ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာဟာ သက်ဆိုင်ရာ နိုင်ငံ ပိုင် သယံဇာတ ထုတ်ယူရေး လုပ်ငန်းစုကြီးတွေက တာဝန်ရှိသူတွေ အချို့ နဲ့ တွေ့ဆုံမေးမြန်း ပြီး ရရှိတဲ့ အချက်အလက်တွေကို အခုနှစ် အတွက် ထုတ်ပြန် ထားတဲ့ EITI သဘာဝ သယံဇာတများ ပွင့်လင်း မြင်သာ မှု ဖေါ်ဆောင်ရေး အဖွဲ့ ရဲ့ အစီရင်ခံစာက ရတဲ့ အချက်အလက်တွေ နဲ့ တိုက်ဆိုင် စစ်ဆေးပြီး၊ ဒီအစီရင်ခံစာ ကို ရေးသားထားတယ်လို့ NRGI အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ ကိုမော်ထွန်းအောင် က ပြောပါတယ်။

" အဓိကကတော့ ဒီတလောမှာ လူတွေ စိတ်ဝင်စားတာကတော့ other account (သီးခြား ဘဏ်အကောင့်) ပေါ့နော်။ နိုင်ငံပိုင် လုပ်ငန်းကြီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ် ဆိုပြီးတော့ အစိုးရကနေပြီးတော့ other အကောင့် (သီးခြား ဘဏ်အကောင့်) ဖွင့်ခွင့်ပေး တယ်။ အရင်တုန်းကတော့ ဘက်ဂျက်စနစ်နဲ့ သွားတယ်ပေါ့နော်။ တနှစ်စာ တနှစ်စာ အရှုံးအမြတ် အကုန်လုံးက နိုင်ငံပိုင် ဘက်ဂျက်ကနေ သွားတယ်။ အဲ့ဒီ့အခါမှာ အထူးသဖြင့် သယံဇာတကနေပြီးတော့ ပိုက်ဆံဝင်ငွေ အစိုးရကိုယ်စား အခွန်အခ ကောက်ပေး တဲ့ နိုင်ငံပိုင် လုပ်ငန်းစုကြီးတွေက သူတို့ရဲ့ Other account (သီးခြား ဘဏ်အကောင့်) ထဲမှာ မထင်မှတ်ပဲနဲ့ပေါ့နော် amount ပမာဏတွေ များလာတာတွေရှိတယ်။ အဲ့တာတွေကို ကျနော်တို့ ပြုပြင်ပြောင်းလဲရေး ကာလမှာ နိုင်ငံစီးပွားရေး အတွက်လည်း နောက်တဆင့် တက်ဖို့ဆိုရင်တော့ ဒီဟာတွေကို ကျနော်တို့ ပြန်ကြည့်ဖို့ လိုတယ်ပေါ့။ ဒါကတော့ ကိုယ့်ရဲ့ အဓိက အကြောင်းအရာပေါ့။"

ဒီအစီရင်ခံစာအရ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ အကြီးဆုံး နိုင်ငံပိုင် လုပ်ငန်းဖြစ် တဲ့ မြန်မာ့ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း (MOGE) ဟာ နိုင်ငံဘဏ္ဍာငွေ အားလုံးရဲ့ ၁၆ ရာခိုင်နှုန်း ကို ရှာဖွေပေးခဲ့ပြီး၊ အဲ့ဒီနှစ် အစိုးရ အသုံးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်း အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မှာတော့ နိုင်ငံပိုင် သဘာ၀ သယံဇာတထုတ်ယူရေး လုပ်ငန်းကြီးတွေဟာ နိုင်ငံ့ဘဏ္ဍာငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိပြီး၊ အသုံးစရိတ် ၁၅ ရာခိုင်နှုန်း အထိ ရှိလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံပိုင် သယံဇာတ ထုတ်ယူရေး လုပ်ငန်းကြီးတွေဟာ ကြီးမားတဲ့ ဘဏ္ဍာရေး လွတ်လပ်ခွင့်တွေ ရ ထားကြပြီး၊ အလွန်များပြားတဲ့ အမြတ်ငွေတွေကို အစိုးရရဲ့ နှစ်စဉ် ဘဏ္ဍာငွေ စာရင်းမှာ မပြပဲ၊ ကုမ္ပဏီပိုင် သီးခြား ဘဏ် အကောင့်တွေထဲမှာ ထည့်ပြီး ထိန်းသိမ်းထားကြတာ တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။

"ဥပမာ MOGE ဆိုရင် MOGE ရဲ့ နာမည်နဲ့ပေါ့နော်။ သူ့အနေနဲ့ Other account (သီးခြား ဘဏ်အကောင့်) ဆိုတာ ရှိတယ်။ သဘောကတော့ သူ့ရဲ့ရည်ရွယ်ချက် ကတော့ Other account (သီးခြား ဘဏ်အကောင့်) မှာ ခုနက ကျနော်တို့ပြော သလို သူ့ရဲ့ အသုံးမပြုလိုက်တဲ့ ပိုက်ဆံပေါ့နော်။ နိုင်ငံဘဏ္ဍာ က အဲ့ဒီ့ Other account (သီးခြား ဘဏ်အကောင့်) မှာ ရှိနေတာက တကယ်ရော ပိုက်ဆံကို အကျိုးရှိရှိ အသုံးချတဲ့ နည်းလမ်းလားပေါ့။ အဲ့တာကို ပြန်ဆန်းစစ်ဖို့ ကျနော်တို့ အကြံပေးထားပါတယ်။ "

၂၀၁၂ ခုနှစ်နောက်ပိုင်း နိုင်ငံပိုင် သယံဇာတ ထုတ်ယူရေး လုပ်ငန်းကြီးတွေဟာ ဝင်ငွေ ရဲ့ ၅၅ ရာခိုင်နှုန်း အထိကို သီးခြား ဘဏ်အကောင့်တွေထဲမှာ ထိန်းသိမ်း ထားခွင့်ရကြပြီး၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ထုတ်ဝေတဲ့ EITI အဖွဲ့ရဲ့ အစီရင်ခံစာ အရ အကြီးဆုံးလုပ်ငန်းကြီး ငါးခုဟာ ဒေါ်လာ ၁.၆ ဘီလျံလောက် အထိကို အဲဒီ သီးခြားဘဏ်အကောင့်တွေထဲမှာ ထည့်ထားကြတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

NRGI report
NRGI report

အဲ့ဒီအထဲမှာ MOGE တစ်ခုတည်းက သီးခြား အကောင့်ထဲမှာ ထည့်ငွေ အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံ အထိရှိပြီး၊ အဲ့ဒီ့ဘဏ္ဍာနှစ်မှာ မြန်မာတစ်နိုင်ငံလုံး အတွက် ကျန်းမာရေး ဒါမှမဟုတ် ပညာရေး အတွက် အသုံးပြုငွေထက် ပိုများနေတယ်လို့ ဆိုပါတယ်။

နိုင်ငံပိုင် သယံဇာတ ထုတ်ယူရေး လုပ်ငန်းကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေကြောင်း အရ ထင်ထင်ရှားရှား သတ်မှတ်ထားခြင်းမရှိတာ၊ ဒီလုပ်ငန်းကြီးတွေရဲ့ ပွင့်လင်းမြင်သာမှု အားနည်းတာ၊ လုပ်ငန်းကြီးတွေက ရတဲ့ အကျိုးအမြတ်တွေနဲ့ အစိုးရကို အားပေးထောက်ခံသူတွေနဲ့ ဆက်စပ်နေတာ နဲ့ ဒီလို နိုင်ငံပိုင် သယံဇာတ ထုတ်ယူရေး လုပ်ငန်းကြီးအချို့ကို စစ်တပ်က ချုပ်ကိုင်ထားတာ စတဲ့ အချက်တွေကို ဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ နိုင်ငံပိုင် သယံဇာတ ထုတ်ယူရေး လုပ်ငန်းစုကြီးတွေ အခန်းကဏ္ဍနဲ့ တာဝန်ရှိမှုတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့၊ ဒီလုပ်ငန်းစုကြီးတွေအနေနဲ့ ရှုပ်ထွေး များပြားတဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေမရှိပဲ နိုင်ငံဘဏ္ဍာငွေ အမြောက်အများကို ချုပ်ကိုင်ထားတာကို ခွင့်မပြုဖို့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ လုပ်ငန်းကြီးတွေရဲ့ လုပ်ဆောင်ချက်နဲ့ အသုံးစရိတ်ကို အစိုးရကို တင်ပြရာမှာ တာဝန်ခံမှုရှိဖို့ စတဲ့ အချက်တွေကို လုပ်ဆောင်ဖို့ အကြုံပြုထားပါတယ်။

XS
SM
MD
LG