သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်တုန်းမြို့ စိုးရိမ်ရေမှတ်ကျော်၊ တာကျိုးပေါက်မှာ စိုးရိမ်


ညောင်တုန်းမြို့ရေနစ်နေပုံ (သြဂုတ် ၅၊ ၂၀၁၅။ ဓာတ်ပုံ/MOI)
ညောင်တုန်းမြို့ရေနစ်နေပုံ (သြဂုတ် ၅၊ ၂၀၁၅။ ဓာတ်ပုံ/MOI)

ဧရာဝတီတိုင်းအတွင်းက ညောင်တုန်းမြို့ကို လိမ္မော်ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာတော့ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပြီး အန္တရယ်ရေမှတ်ကိုလည်း ကျော်လွန်နေပြီဖြစ်တာကြောင့် တားရိုးကျိုးပေါက်မှာကိုစိုးရိမ်ပြီး တပ်အင်အား ၃ ရင်းနဲ့အတူ မြို့ခံတွေကပါ စောင့်ကြည့်နေကြပါတယ်။ ဒီအခြေအနေတွေကို VOA သတင်းထောက် မအေးအေးမာကသတင်းပို့ထားပါတယ်။

အင်္ဂါနေ့ကတော့ ရေဘေးဒဏ်ခံစားနေရတဲ့ဧရာဝတီတိုင်း၊ မြန်အောင်၊ ဟင်္သာတ၊ အင်္ဂပူ၊ ညောင် တုန်းမြို့တွေမှာ စိုးရိမ်ရေမှတ်တွေ ကျော်လွန်နေတာကြောင့် ဒေသခံတွေက မြို့ကို သတိနဲ့ ကြိုတင်ပြင်ဆင်မူတွေလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာပဲ ရေတက်လာတဲ့ အခြေအနေကို ဒေသခံတဦးဖြစ်တဲ့ကိုလှထွန်းက အခုလိုပြောပါတယ်။

“အခုဟာက ကျနော်တို့ ၂၅.၇ ဗျာ။ စိုးရိမ်ရေအမှတ်ထက် ၃ ပေ မြင့်သွားပြီ ခင်ဗျာ။ ပျမ်းမျှ တာအမြင့်က ၂၆ ခွဲ ၂၇ လောက်တော့ရှိတာပေါ့။ ဟုတ်ကဲ့၊ စိုးရိမ်ရေအမှတ်ထက် ကျော်တယ်။ အန္တရာယ်ရေအမှတ်ထက်လည်း ကျော်နေပါတယ်။”

အခုလို စိုးရိမ်ရေမှတ်ရောက်နေပေမဲ့ တာရိုးကို ရေကျော်ဖို့က ၂ ပေအမြင့်လောက် ကျန်နေသေးပြီး ညဦးပိုင်းအထိတော့ တပ်မတော်အင်အား ၃ ရင်းနဲ့ အတူဒေသခံတွေအားလုံးစောင့်ကြည့်မူတွေလုပ်နေတယ်လို့ ဒေသခံကိုမျိုးသက်ကပြောပါတယ်။

“ရေကတော့ တက်နေတယ်ခင်ဗျာ။ ရေလျှံတဲ့နေရာတွေတော့ရှိတယ်။ သို့သော် ကျနော်တို့က အဲဒီရေလျှံတဲ့နေရာတွေကို အားလုံး တပ်မတော်က တပ်ရင်း ၃ ရင်းနဲ့ပဲ ရောက်လာပြီးတော့ ကျနော်တို့ကို ဝိုင်းပြီးကူညီပေးကြတယ်။ တပ်မတော်သားတွေရော၊ ရဲတွေရော၊ နောက်တခါ မြို့ခံပြည်သူလူထု၊ နိုင်ငံရေးပါတီက လူငယ်တွေ နောက် မြို့နယ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်၊ နောက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကြီးကြပ်ပြီးတော့ အခုအချိန်ထိကိုပဲ အားလုံးတားထား နိုင်ပါသေးတယ်။ ညပိုင်းထိ စောင့်ကြည့်နေတာခင်ဗျာ။ လူတွေကို ကင်းတွေ အကုန်ချပြီးတော့ အဲဒီပုဂ္ဂိုလ်တွေအားကုန်လုံးစောင့်ကြည့်နေကြပါတယ်။ အချိန်နဲ့တပြေးညီ။”

ညောင်တုန်းကယ်ဆယ်ရေးစခန်းစာရင်း(သြဂုတ် ၅၊ ၂၀၁၅။ ဓာတ်ပုံ/MOI)
ညောင်တုန်းကယ်ဆယ်ရေးစခန်းစာရင်း(သြဂုတ် ၅၊ ၂၀၁၅။ ဓာတ်ပုံ/MOI)

အင်္ဂါနေ့ကတော့ ညောင်တုန်းမြို့ကို လိမ္မော်ရောင်အဆင့်ရှိတဲ့ အရေးပေါ်အခြေအနေသတ်မှတ်ပြီး မနက်ပိုင်းကစပြီး ရေဝင်နေရာတွေက ဒေသခံတွေကို ရေလွတ်ရာကယ်ဆယ်ရေးစခန်း ၁ဝ ခုဖွင့်ပြီး ကြိုတင်ပြင်ဆင်မူတေ ွလုပ်ထားတယ်လို့ဆိုပါတယ်။

“လိမ္မော်ရောင်အဆင့်သတ်မှတ်ပြီးတော့ ဆေးရုံက လူနာတွေ၊ နောက်ပြီးတော့ သွားရလာရခက်တဲ့ သက်ကြီးရွယ်အိုတွေ ၊နောက် ကလေးတွေ၊ အဲဒါတွေကိုတော့ မနက် ကျနော်တို့ ဆယ်နာရီ-ဆယ့်တစ်နာရီလောက်ကတည်းက စပြီးတော့ ကျနော်တို့ ရေလွတ်ရာ နေရာတွေကို ရွှေ့ပေးထားပါတယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါတယ်။ ဟုတ်ကဲ့ပါ။ အခုလောလောဆယ်ကတော့ ကယ်ဆယ်ရေး စခန်းအနေနဲ့ တရပ်ကွက်ကိုတခု မြို့နယ် ၁ဝ ရပ်ကွက်ရှိတဲ့အတွက် ၁ဝ ခုဖွင့်ထားပါတယ်ခင်ဗျာ။”

စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည် စတဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာ သဘာဝ ဘေးဒဏ်တွေ ခံစားနေရပါတယ်။ ရက်ပေါင်း၂ဝ ခန့် ကြာတဲ့အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရက ထိထိရောက်ရောက် မလုပ်နိုင်သေးဘူးလို့ ဝေဖန်မူတွေလည်း ရှိနေတာပါ။ အင်္ဂါနေ့မှာတော့ အစိုးရက နိုင်ငံတကာအကူညီပေးဖို့ တရားဝင် စတင် ပြောကြား လာပါတယ်။ အင်္ဂါနေ့မှာတော့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ လိမ္မော်ရောင်အဆင့် သတိပေးချက်ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ အာဏာပိုင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မူတွေလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG