သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင်


သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ အမေရိကန်သံအမတ် သေဆုံးရမှုအပေါ် ပြစ်တင် ရှုတ်ချကြောင်း ကြေညာစဉ်။ (၀၉-၁၂-၁၂)
သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ အမေရိကန်သံအမတ် သေဆုံးရမှုအပေါ် ပြစ်တင် ရှုတ်ချကြောင်း ကြေညာစဉ်။ (၀၉-၁၂-၁၂)
အမေရိကန် သံအမတ်ကြီး J. Christopher Stevens နဲ့ ဝန်ထမ်းသုံးဦး သေဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံ အရှေ့ဘက် Benghazi မြို့က တိုက်ခိုက်မှုဟာ အမေရိကန် ဆန့်ကျင်သူတွေရဲ့ ဒေါသထွက် တိုက်ခိုက်မှုထက် ကြိုတင်စီစဉ် တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ကောင်စစ်ဝန်ရုံးကို အင်္ဂါနေ့နှောင်းပိုင်းက လူစုလူဝေးနဲ့ ဝင်ရောက် စီးနင်းမှုတွေမှာ ဒုံးကျည်ရော့ကက်တွေ ကိုင်ဆောင်ထားသူတွေနဲ့အတူ လက်နက်ကိုင်တွေနဲ့ ပူးပေါင်း စီစဉ် ထားပုံရတယ်လို့ ပြောဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ၁၁ နှစ်ပြည့်အချိန်နဲ့ တိုက်ဆိုင်ပြီး တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို ပြောဖို့ကတော့ စောသေးတယ်လို့လည်း ပြောခဲ့ကြတာပါ။

လစ်ဗျား အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန်သံအမတ်ကြီးနဲ့ ဝန်ထမ်းသုံးဦးသေဆုံးခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း လူအုပ်က ကောင်စစ်ဝန်ရုံးကို စီးနင်းမီးတင်ရှို့ခဲ့ရာက အနီးအနား က ဘေးလွတ်ရာ အိမ်တအိမ်ကို တိမ်းရှောင်ခဲ့ပြီး နောက်ပိုင်းမှာ ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ အမေရိကန် တာဝန်ရှိ သူတွေကတော့ ဒီဖြစ်စဉ်ကို အတည် မပြုသေးပါဘူး။

အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ကို စော်ကားတယ်လို့ဆိုတဲ့ အပျော်တမ်း ဗွီဒီယိုဇာတ်လမ်းတခုကို အမေရိကန်က ထုတ်လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ဒေါသထွက်နေကြ တဲ့ ဆန္ဒပြသူတွေ ကောင်စစ်ဝန် ရုံးကို ပစ်ခတ်၊ မီးရှို့တိုက်ခိုက်ခဲ့ကြတာပါ။ သေဆုံးသွားတဲ့ သံ အမတ်ကြီး Stevens ဟာ အမေရိကန် ဝါရင့်သံတမန် တဦးလည်းဖြစ်၊ ဒေသတွင်းမှာ အတွေ့အကြုံ ကြီးမားသူတဦးလည်း ဖြစ်ပြီး မေလကစလို့ ထရီပိုလီမြို့တော်မှာ စတင် တာဝန်ယူခဲ့တာပါ။

သူအပါအဝင် အမေရိကန် နိုင်ငံသားလေးယောက် သတ်ဖြတ်ခံရတဲ့အပေါ်မှာ သမ္မတ Barak Obama က အပြင်းအထန် ရှုတ်ချခဲ့ပြီး တိုက်ခိုက်သူတွေကို လိုက်လံရှာဖွေပြီး တရားဥပဒေ ရှေ့မှောက်မှာ စီရင်မယ်လို့လည်း ပြောခဲ့တာပါ။ အိမ်ဖြူတော်မှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့အတူ ဗုဒ္ဓဟူးနေ့က ပြောဆိုရာမှာတော့ ကမ္ဘာတဝှန်းက အမေရိကန်သံရုံးတွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ ညွှန်ကြားထားကြောင်းလည်း သမ္မတက ပြောသွားပါတယ်။

လစ်ဗျားနိုင်ငံမှာရှိတဲ့ အမေရိကန် သံတမန်ဆိုင်ရာ အဆောက်အဦးတွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ ကမ်းတပ် မရိန်းစစ်သည် ၅၀ စေလွှတ်ခဲ့ကြောင်းလည်း အမေရိကန် တာဝန်ရှိသူတွေက ပြော ပါတယ်။ ဝန်ကြီး ကလင်တန်ကတော့ သေဆုံး သွားသူ သံအမတ်ကြီး ဟာ လစ်ဗျားလူထုအတွက် လွတ်လပ်တဲ့ တိုင်းပြည်တခု ထူထောင်ဖို့ အကူအညီပေးရင်း သူ့အသက်အန္တရာယ်ကို အထိခိုက်ခံ ခဲ့သူလို့ ရည်ညွန်း ပြောဆိုခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့လစ်ဗျား ဆက်ဆံရေးကို ထိခိုက်ခံမှာမဟုတ်သလို ဒီမိုကရေစီ တိုင်းပြည်အဖြစ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို မျက်နှာလွဲှသွားမှာ မဟုတ်ဘူးလို့လည်း ပြောဆို သွားပါတယ်။

Tunisia မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံး မှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူ ရာပေါင်း များစွာကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့တာပါ။ အင်္ဂါနေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာလည်း ဆန္ဒပြ သူတွေက သံရုံးကို ဝင်ရောက် စီးနင်းပြီး အမေရိကန် အလံကိုဖြုတ်ချခဲ့ကြပါတယ်။
XS
SM
MD
LG