သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ခရီးစဉ် အဆုံးသတ်ရာ Tanzania ရောက်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အာဖရိက သုံးနိုင်ငံခရီးစဉ် နောက်ဆုံးဖြစ်တဲ့ Tanzania ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ တနင်္လာနေ့က ရောက်လာတဲ့ အမေရိကန်သမ္မတနဲ့ မိသားစုကို Tanzania သမ္မတ ဂျကာယာ ကီကီတီ (Jakaya Kikwete) နဲ့ အစိုးရအဖွဲ့က Dar es Salaam လေဆိပ်မှာ အကအခုန် အတီးအမှုတ်တွေနဲ့ ကြိုဆိုခဲ့ကြသလို ပြည်သူတွေကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ သမ္မတနဲ့မိသားစုဟာ အစိုးရဧည့်ဂေဟာကို သွားရောက်ခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ အိမ်ရှင်သမ္မတ ဂျကာယာ ကီကီတီနဲ့ တွေ့ဆုံပြီးရင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးရင်တော့ သမ္မတ အိုဘားမား ဟာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်တွေရဲ့ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကြေညာခဲ့တဲ့ အာဖရိက အလယ်ပိုင်းနိုင်ငံတွေရဲ့ စွမ်းအားမြှင့်တင်ဖို့ အကူအညီပေးမယ့် ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိတဲ့ ကနဦးအစီအစဉ်မှာ တိုက်ရိုက်အကျိုးခံစားခွင့်ရှိမယ့် နိုင်ငံ ၈ နိုင်ငံထဲမှာ Tanzania နိုင်ငံလည်း ပါဝင်ပါတယ်။

အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိတဲ့ အဲ့ဒီအစီအစဉ်အကြောင်းကို Cape Town တက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အမေရိကန်သမ္မတ က ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ Tanzania အပြင် Ethiopia၊ Kenya၊ Liberia၊ Nigeria၊ Mozambique နဲ့ Uganda နိုင်ငံတွေမှာလည်း အဲ့ဒီအစီအစဉ် စပြီး ဆောင်ရွက်တော့မှာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ Tanzania နိုင်ငံမှာ တခြားအစီအစဉ်တခုနဲ့ အခုရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း George W. Bush နဲ့ သမ္မတ အိုဘားမားတို့ အခု သီတင်းပတ်အတွင်း Tanzania နိုင်ငံမှာ တွေ့ကြမယ်လို့ သမ္မတအိမ်ဖြူတော်က အတည်ပြု ပြောဆိုပါတယ်။ သမ္မတ အိုဘားမားနဲ့ သမ္မတဟောင်း ဘုရှ် တို့ဟာ ၁၉၉၈ ခုနှစ်တုန်းက အမေရိကန်သံရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူတွေအတွက် Dar es Salaam မြို့မှာ လွမ်းသူပန်းခွေကို အတူ ချကြမှာလည်းဖြစ်ပါတယ်။
XS
SM
MD
LG