သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အာရှခရီးစဉ် စတင်


အမေရိကန်သမ္မတ ဘရက်အိုဘားမား။
အမေရိကန်သမ္မတ ဘရက်အိုဘားမား။
အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ အခုလာမယ့် အရှေ့တောင်အာရှ ခရီးစဉ်ထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စိုးရိမ် ပူပန်မှုတွေကို လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့ အမေရိကန် အိမ်ဖြူတော် တာဝန်ရှိသူတွေက လူ့အခွင့်အရေး တက်ကြွသူတွေနဲ့ ဝေဖန်ပြောဆိုသူတွေကို တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ စနေနေ့မှာ စတင်မယ့် သုံးရက်ကြာ အရှေ့တောင်အာရှ ခရီးစဉ်မှာ အမေရိကန် သမ္မတ ဟာ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒုတိယသက်တမ်းအတွက် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီးချိန်က စလို့ ဒါဟာ သမ္မတ အိုဘားမား ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က အဓိက အာရုံစိုက်လာတဲ့ ဒေသသစ် အာရှပစိဖိတ်ရဲ့ အရေးပါပုံကို ထင်ဟပ် ဖော်ပြတာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ အရေးပါဆုံး အနေနဲ့ အမေရိကန် သမ္မတဟာ မြန်မာခရီးစဉ်ကို သွားရောက်မယ့် အကြောင်းကို အလေးပေး ဖော်ပြနေကြပြီးတော့ ဒါဟာ သူ တာဝန်ထမ်းဆောင်ဆဲ အမေရိကန် သမ္မတ တဦး အနေနဲ့ စစ်အာဏာရှင်တွေ ထိန်းချုပ်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။ ဒီခရီးနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ထောက်ပြပြီးတော့ သမ္မတ ခရီးဟာ စောသေးတယ် လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒီခရီးစဉ်အတွင်းမှာ အမေရိကန် သမ္မတဟာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ဘက်မှာ မြန်မာနိုင်ငံ ကို ရောက်ရှိပြီးတော့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦးမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူမရဲ့နေအိမ်မှာ တွေ့ဆုံပါ လိမ့်မယ်။ ပြီးရင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်။ ဒီနောက် အမေရိကန်သံရုံးက သံရုံး ဝန်ထမ်းတွေနဲ့ တွေ့ဆုံမှာပါ။ နာရီပိုင်းကြာမယ့် သမ္မတ ခရီးစဉ်အတွင်းမှာ နောက်ဆုံး အစီအစဉ်ကတော့ ၁၉၃၀ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု ကာလကစလို့ ၁၉၈၈ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အဓိကကျတဲ့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာလူထုကို သမိုင်းဝင် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာတော့ မြန်မာနိုင်ငံဘက်က အမေရိကန်ကို တင်သွင်းမယ့် ပို့ကုန်တွေ ပိတ်ဆို့ထားမှုကို ပြန်ပြီးတော့ ရုပ်သိမ်းမှာ ဖြစ်တယ်လို့ လွှတ်တော် တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG