သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အိုဘားမား ဖုန်းဆက် ချီးကျူး


ဒေါ်အောင်ဆန်းစုကြည်နဲ့ ကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ။ (စက်တင်ဘာ ၁၉၊ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ။ (စက်တင်ဘာ ၁၉၊ ၂၀၁၂)

ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများစု အနိုင်ရရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် သမ္မတက ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။ အစိုးရသစ် တရပ် ဖွဲ့စည်းနိုင်တဲ့ အခြေအနေမျိုး အထိ ရှိလာနေပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက် ကလည်း အာဏာလွှဲပြောင်းယူနိုင်ရေး အဆင်သင့်ဖြစ်စေဖို့ ပြင်ဆင်မှုတွေ ရှိနေပြီ ဖြစ်ပြီး အစိုးရသစ် အဖြစ် တာဝန်ယူလာတဲ့ အချိန်မှာတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ အရေးကို အလေးထားဆောင်ရွက် ပါမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် က တင်ပြထားပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဒီမနက်ခင်းမှာ တယ်လီဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့တဲ့ အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်သလို NLD ပါတီ ပြောခွင့်ရ ဦးဝင်းထိန် ကလည်း အခုလို ပြောပါတယ်။

" မစ္စတာ အိုဘားမားက မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ဖုန်းဆက်ပြော တယ် ဆိုတာကို ကျနော်တို့သိပါတယ်။ သို့သော်လည်းပဲ အဲဒီပြောတဲ့အချိန်မှာ ကျနော်တို့မရှိတော့ ဘာတွေပြောတယ်ဆိုတာတော့ ကျနော် မှန်းဆကြည့် တာကတော့ ရွေးကောက်ပွဲနိုင်တဲ့အတွက်ကြောင့် ဂုဏ်ပြုစကားပြောတယ်လို့ ယူဆပါတယ်။"

ရွေးကောက်ပွဲ တရားဝင် ရလဒ်ကို အားလုံးက လေးစားလိုက်နာဖို့ အရေးကြီးတဲ့ အကြောင်းနဲ့ လူထုရဲ့ဆန္ဒကို ထင်ဟပ်တဲ့၊ အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရမျိုးဖွဲ့စည်းရေး ညီညွတ်ရေးစိတ်ဓာတ်အခြေခံနဲ့ အတူတကွ လုပ်ဆောင် သွားရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းတာတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပိုပြီး ငြိမ်းချမ်း၊ ပိုပြီးသာယာဝပြောတဲ့ အနာဂတ် တည်ဆောက်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အဆင့်တရပ်ဖြစ်တယ် လို့ သမ္မတ အိုဘားမားက မှတ်ချက်ပြုပါတယ်။

အစိုးရသစ် တရပ် ဖွဲ့စည်းလာနိုင်ခြေ ရှိတဲ့ အထိ အမတ်နေရာ အများစု အနိုင်ရရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ အစိုးရသစ် ဖွဲ့စည်းနိုင်ရေး အာဏာလွှဲပြောင်းရယူနိုင်ဖို့အတွက် စီစဉ်နေပြီး အစိုးရသစ် အဖြစ် တာဝန်ယူချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အရေး အလေးထားမယ်လို့လည်း ပါတီ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ဖက်မှာလည်း ဆွေးနွေးညှိနိူင်းမှုတွေတော့ရှိပါတယ်။ သို့သော်လည်းပဲ အကြောင်းကြောင်းကြောင့် ဒီအသေးစိတ်ကိုတော့ ပြောခွင့်မရှိလို့ ကျနော်တို့ဖက်ကလည်းဆွေးနွေးနေကြတယ်ဆိုတဲ့ အချက်ပဲပြော ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျနော်တို့ NLD က ခေါင်းဆောင် အများစုဟာ အကျဉ်းသားဘဝကနေပြီးတော့မှ ဒီအနေအထား ကို ရောက်လာကြတာပါ။ အဲတော့ အခုလက်ရှိ ဦးသိန်းစိန်အစိုးရကနေပြီးတော့မှ ဖမ်းဆီးပြီး အကျဉ်းချခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ပက်သက်လို့ ကျနော်တို့ ပေါ့ပေါ့တန်တန် စဉ်းစားမှမဟုတ်ပါဘူး။ အလေးအနက် ထားပြီး စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီလောက်ပဲ ပြောပါရစေ။”

ဒီကနေ့မှာဘဲ သမ္မတ ဦးသိန်းစိန်ကလည်း ဝန်ကြီးများ အစည်းအဝေး ခေါ်ယူပြီး တက်လာမယ့် အစိုးရသစ်ကို လုပ်ငန်း တာဝန်တွေ စနစ်တကျ လွှဲပြောင်းပေးနိုင်ဖို့ ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ သမ္မတ၊ လွှတ်တော် နာယကနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ခွင့်ပေးဖို့ အများစု အနိုင်ရ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကိုလည်း မနေ့ကဘဲ အားလုံးတို့က သဘောတူလိုက်တာကြောင့် အစိုးရသစ်ကို အာဏာလွှဲပြောင်းရေးနဲ့ အာဏာအလွှဲအပြောင်းကာလ တည်ငြိမ်ရေးအပေါ်မှာ အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိလာနေပါတယ်။

XS
SM
MD
LG