သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ဒေါ်စုနဲ့ တွေ့ဆုံ


ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊ ၂၀၁၂။
ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊ ၂၀၁၂။
မြန်မာနိုင်ငံလာရောက်တဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ ဒီကနေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ နေအိမ်ခြံဝန်းထဲမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေကို အမေရိကန် သမ္မတတစ်ဦးအနေနဲ့ အသိအမှတ်ပြု လက်ခံပါကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ် အခုထက် ပိုမို ပွင့်လင်းလာဖို့ရှိပြီး အမေရိကန်နိုင်ငံအနေနဲ့လည်း မြန်မာပြည် သူတွေအတွက် ထိရောက်တဲ့ အကူအညီတွေ ပေးသွားမယ်လို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။
ပြည်သူလွတ်တော် ကိုယ်စားလှယ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ကို ဝမ်းမြောက်စွာကြိုဆိုကြောင်းနဲ့ ဆက်သွားရမယ့် ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းကို အမေရိကန်အစိုးရရဲ့ ပံ့ပိုးမှုတွေနဲ့ သွားနိုင်မယ် လို့ သူ့အနေနဲ့ယုံကြည်ကြောင်း ပြောသွားပါတယ်။

ဒီအကြောင်း အပြည့်အစုံကိုတော့ သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲမှာ သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

စစ်မှန်တဲ့ဒီမိုကရေစီကို တည်ဆောက်ဖို့ကြိုးစားနေတဲ့ နိုင်ငံတိုင်းရဲ့ အစိုးရတွေဟာ မဏ္ဍိုင်အသီးသီးကို တခုနဲ့တခုကြားထိန်းညှိဖို့ ဆောင်ရွက်ရပြီး ဥပဒေစိုးမိုးရေးဟာ လည်း အရေးကြီးတဲ့အကြောင်း၊ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်တွေဟာ ခိုင်မာဖို့ လိုတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက် ပြောခဲ့ပါတယ်။

“ဒီမိုကရေစီအစိုးရအနေနဲ့ မဏ္ဍိုင်အသီးသီးမှာ တခုနဲ့တခုကြား အပြန်အလှန် ထိန်းညှိဖို့ လိုပါတယ်။ ဒ့ါအပြင် ဥပဒေစိုးမိုးရေးရှိဖို့လည်း လိုအပ်ပါတယ်။ ဥပဒေစိုးမိုးရေးဟာ နိုင်ငံ တနိုင်ငံမှာ အဓိက အရေးပါပါတယ်။ ဒါမှလည်း အခုဖော်ဆောင်နေတဲ့ ဒီမိုကရေစီ တိုးတက်ရေးဖြစ်စဉ်တွေဟာ ရေရှည်တည်တံ့ခိုင်မြဲမှုတွေကို ဖော်ဆောင်ပေးမှာ ဖြစ်ပါ တယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီးတဦးအနေနဲ့ ဒီမိုကရေစီတန်ဘိုး မြင့်တက် အောင် စွမ်းဆောင်ပေးရုံသာမက လူ့အခွင့်အရေးကိစ္စတွေကိုပါ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင်အသိအမှတ်ပြုပြီး ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့သမျှတွေဟာ ကမ္ဘာ့ပြည်သူတွေကိုသာမက သူ့ကိုပါ လွှမ်းမိုးခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ၊ နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးခဲ့တာ၊ မီဒီယာကိစ္စတွေမှာ ဖြေလျှော့ပေးခဲ့တာတွေ၊ အလုပ်သမား အခွင့်အရေးအတွက် ဆောင်ရွက်ပေးခဲ့တာတွေ၊ ကလေးစစ်သား အသုံးပြုမှု လျှော့ချ ရေးဆိုင်ရာတွေမှာ ဆောင်ရွက်ပေးခဲ့တာတွေကို သူ့အနေနဲ့ အသိအမှတ်ပြုပြီး ရှေ့ဆက်သွားမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက်လည်း မြန်မာနိုင်ငံ ကို အမေရိကန်က အကူအညီပေးတာတွေကို မြှင့်တင်သွားမယ်လို့ သမ္မတအိုဘားမား က ပြောခဲ့ပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ၊ လွှတ်တော်ထဲကို ရောက်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာအစိုးရက လွှတ်ပေးခဲ့တာ၊ မီဒီယာလွတ်လပ်ခွင့် အတွက် လမ်းဖွင့်ပေးခဲ့တာ၊ အလုပ်သမားအခွင့်အရေးကိစ္စတွေကို ဆောင်ရွက်တာ၊ ကလေးစစ်သားကိစ္စတွေမှာ ထင်သာမြင်သာ ရှိလာတာတွေ စတဲ့အချက်တွေပေါ်မှာ အသိအမှတ်ပြုပါတယ်။ အဲဒီအတွက်လည်း အမေရိကန်အစိုးရအနေနဲ့ ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့တာတွေကိုလည်း ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။”

အမေရိကန်အစိုးရရဲ့ ပံ့ပိုးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုးတက်ရေး ဖြစ်စဉ် တွေဟာ ပိုပြီး ယုံကြည်မှုမြင့်တက်လာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိအပြောင်းအလဲရဲ့ အောင်မြင်မှုကို သုံးသပ်ရာမှာလည်း သတိထား ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

“အောင်မြင်မှုလမ်းစကို မြင်တွေ့ရပြီလို့ ယူဆတဲ့အချိန်မှာ သိပ်ကို သတိထားဖို့လိုပါတယ်။ တံလျှပ်ကို ရေထင်သလို အောင်မြင်မှုကို အမြင်မမှားဖို့ အရေးကြီးပါတယ်။ ကျမ တို့နိုင်ငံသားတွေ အတွက် စစ်မှန်တဲ့အောင်မြင်မှု ရရှိစေရေးကို ဆောင်ရွက်နေတယ် ဆိုတာ သေချာအောင်လုပ်ဖို့ လိုပါတယ်။”

အမေရိကန်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ မိနစ် ၃၀ ကြာ တွေ့ဆုံခဲ့ရာမှာ နိုင် ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်း လိုက်ပါသွားခဲ့ပါတယ်။သမ္မတက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ နေ့လည် ၁ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ ပြန်လည် ထွက်ခွာပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မိနစ် ၃၀ ကြာ မိန့်ခွန်း ပြောခဲ့ပါတယ်။
XS
SM
MD
LG