သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးစဉ်ဟာ အစိုးရကိုထောက်ခံဖို့မဟုတ် - သမ္မတအိုဘားမား


အမေရိကန် သမ္မတ ဘရက်အိုဘားမား ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၂)။
အမေရိကန် သမ္မတ ဘရက်အိုဘားမား ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ဟာ မြန်မာအစိုးရကို ထောက်ခံတယ်ဆိုတဲ့ သဘောမဟုတ်ဘဲ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုဖို့ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ အပေါ်မှာ အားပေး ကူညီနိုင်ဖို့ အခွင့်အလမ်းကို လက်မလွှတ်နိုင်ဘူး လို့လည်း ပြောဆိုသွားပါတယ်။ ထိုင်းနိုင်ငံရောက်နေစဉ် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေအပေါ် ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အများက ကြိုတင်တွက်မထားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ရှိလာတဲ့အပေါ်မှာ သူ့အနေနဲ့ အသိအမှတ်ပြုပြီး အခု မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်လာတာလို့ သမ္မတ အိုဘားမားက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြောသွားတာပါ။ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် နဲ့ တွေ့ဆုံပြီး နှစ်ဦး ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သမ္မတအိုဘားမား ခရီးစဉ်ဟာ အချိန်စောလွန်းသေးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ချက်အပေါ်မှာ တုံ့ပြန်ပြောဆိုသွားတာပါ။

“ဒီခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ မူဝါဒတွေ အပေါ် တသဘောတည်း ရှိကြောင်း ထောက်ခံတဲ့ သဘောမဟုတ်ပါဘူး။ ဒါပေမဲ့ တိုးတက် ပြောင်းလဲလာမှုတွေ အပေါ်မှာ အသိအမှတ်ပြုရုံ သဘောဖြစ်ပါတယ်။ အခုဆို မြန်မာနိုင်ငံထဲမှာ တိုးတက်မှု လုပ်ငန်းစဉ်တွေ ရှိနေတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ် နှစ်တုန်းကဆို ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ တွက်မထားတာပါ။ သမ္မတဦးသိန်းစိန်ဟာ အခုဆိုရင် ပိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ခြေလှမ်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေပါပြီ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လာတာကို လည်း မြင်ရပါတယ်။ နောက်ထပ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်မယ် ဆိုတဲ့ ပိုင်းဖြတ် လုပ်ဆောင်မှုတွေလည်း ရှိထားပါတယ်။”

သမ္မတ အိုဘားမား အခုအာရှ ခရီးစဉ်မထွက်ခင်မှာပဲ အမေရိကန်ပြည်ထောင်စု ဘက်က မြန်မာအပေါ် အရေးယူထားတဲ့ ပိတ်ကုန်ပိတ်ဆို့မှုကို ရုပ်သိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ အာဏာပိုင်တွေ ရော မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ဘက်ကပါ အလိုလားတဲ့ တောင့်တချက် တခုလို့ ပြောရမှာပါ။ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အခွင့်အလမ်းကောင်း ရချိန်မှာ ဒီအခွင့်အလမ်းကို လက်မလွှတ်လိုဘူးလို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အတော်လေး အချိန်ယူသွား ရဦးမှာပါ။ ဒါပေမဲ့ အခုလို တိုင်းပြည်အတွင်းက ပိုပြီး ကောင်းမွန်လာတဲ့ အခြေအနေတွေကို အားပေးနိုင်တဲ့ အခွင့်အလမ်းရတဲ့ အချိန်မျိုးမှာ၊ တချိန်က အမှားအယွင်း ရှိခဲ့တဲ့ ဒီလူတွေကို လက်မကမ်းသင့်ဘူး အမေရိကန်အနေနဲ့ ဘေးမှာ ရှောင်နေ သင့်တယ် ဆိုပြီး စဉ်းစားတဲ့အထဲ ကျနော်မပါပါဘူး။”

မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွင်း ထူးခြားချက် တခုကတော့ ရန်ကုန် တက္ကသိုလ်မှာ မြန်မာလူထုကို မိန့်ခွန်း ပြောကြားမယ့် ကိစ္စပါ။ ဒါဟာ ဒီခရီးစဉ်အတွက် အရေးပါမှုတခုလို သမ္မတအိုဘားမားက ယူဆထားပါတယ်။

“ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက် တခုကတော့ တိုးတက် ပြောင်းလဲမှုတွေ ရှိတယ် ဆိုတာကို ပြသဖို့နဲ့၊ အနာဂတ်မှာ ဒီထက်ပိုပြီး တိုးတက်ဖို့ လုပ်စရာတွေ ရှိသေးတယ် ဆိုတာကိုလည်း ပြောဆို သွားဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်တဲ့ အမေရိကန် သမ္မတတဦး အနေနဲ့ မြန်မာလူထုကို မိန့်ခွန်းပြောတဲ့ အခါမှာလည်း လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လွတ်လပ်မှုတွေကို လေးစားတဲ့ တိုင်းပြည်အဖြစ် တခါးပွင့်လာတဲ့အပေါ်မှာ မြန်မာလူထုကို ဂုဏ်ပြုချီးကျူးစကား ပြောသွားမှာြ ဖစ်ပါတယ်။”

အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်လာချိန်မှာ မြန်မာပြည်သူတွေဟာ သူတို့ဆန္ဒ သူတို့အသံတွေကို ကမ္ဘာကသိတယ် ဆိုတာကို ပြသဖို့လည်း လိုတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ မြန်မာပြည်သူတွေ ဆန္ဒ သူတို့အသံကို နိုင်ငံတကာအနေနဲ့ နားထောင်နေတယ် ဆိုတာ မြန်မာပြည်သူတွေ သိအောင် လုပ်ရမယ်ဆိုပါတယ်။ ဒီအတွက်လည်း မြန်မာပြည်သွားမယ့် အခုခရီးစဉ်မှာ သူ့အတွက် ဒီအခွင့်အလမ်းမျိုး ရမယ်လို့ သမ္မတအိုဘားမားက ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာပဲ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ယင်းလတ်ရှင်နဝပ် ကတော့ မြန်မာနိုင်ငံ အတွက် အိမ်နီးချင်းထိုင်း အနေနဲ့ ရိုးရိုးသားသား မှန်မှန်ကန်ကန် အကူအညီ ပေးသွားလိုတယ် လို့ ပြောပါတယ်။ မြန်မာပြည် စီးပွားဖွံဖြိုး တိုးတက်ရေး ပညာရည် အဆင့်အတန်း မြင့်မားရေး နဲ့ မြန်မာလူထု နေထိုင်မှုဘ၀ တိုးတက် ကောင်းမွန်လာရေး အတွက် ထိုင်းအနေနဲ့ လိုလားတယ်လို့ ပြောပါတယ်။ တဆက်တည်းပါပဲ ထိုင်းနိုင်ငံရဲ့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံမှု အပေါ်မှာလည်း သမ္မတအိုဘားမားက ထိုင်းနိုင်ငံကို ချီးကျူးစကား ပြောပါတယ်။
XS
SM
MD
LG