သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတဦးသိန်းစိန်ကို အိုဘားမားချီးကျုး


သမ္မတဦးသိန်းစိန်ကို အိုဘားမားချီးကျုး တယ်လီဖုန်းဆက် စကားပြောစဉ်။
သမ္မတဦးသိန်းစိန်ကို အိုဘားမားချီးကျုး တယ်လီဖုန်းဆက် စကားပြောစဉ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန် ကို အမေရိကန် သမ္မတ Barack Obama က ချီးကျုးစကား ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ အဓိကနိုင်ငံရေး ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အများစု အနိုင်ရထားတဲ့ အတွက် အစိုးရသစ်ကို ဦးဆောင်နိုင်မယ့် အလားအလာတွေ ရှိနေချိန်မှာပဲ သမ္မတဦးသိန်းစိန်ကို အမေရိကန် သမ္မတက တယ်လီဖုန်း ဆက် ပြောဆိုခဲ့တာပါ။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ အနေနဲ့ကတော့ အာဏာလွှဲပြောင်းပေးရေး ဒီကနေ့မှာလည်း ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ သမ္မတရဲ့ ပြောခွင့်ရ အဖြစ်လည်း တာဝန်ယူထားသူ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုမသိဂီ ၤထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

“မေး။ ။ ဘယ်အချိန်လောက်က သမ္မတ နှစ်ဦးတို့ တွေ့ဆုံခဲ့ကြပါသလဲရှင်။ တယ်လီဖုန်းကနေ တဆင့်။

ဦးရဲထွဋ်။ ။ ဒီကနေ့ မနက် ၈ နာရီခွဲလောက်မှာ ကျနော်တို့ ဖုန်းပေါ်ကနေ ဆက်သွယ် စကားပြောဆိုတာ ဖြစ်ပါတယ်။

မေး။ ။ ခေါင်းဆောင် ၂ ဦးတို့ ဘာတွေများ ဆွေးနွေးခဲ့ကြပါလဲရှင့်။

ဦးရဲထွဋ်။ ။ ပထမဆုံးတော့ အမေရိကန် သမ္မတ အိုဘားမား ဘက်က ကျနော်တို့ရဲ့ နိုင်ငံမှာ သမိုင်းတွင်မယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်တဲ့ အတွက်ကြောင့်မို့လို့ သမ္မတကြီးနဲ့ အစိုးရ အဖွဲ့ကို ချီးကျူး ဂုဏ်ပြုတဲ့ အကြောင်း ပြောပါတယ်။ နောက်တခုက အဲဒီ ရွေးကောက်ပွဲ အောင်မြင်မှုဟာ သမ္မတကြီးရဲ့ ရဲရဲဝင့်ဝင့် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေရဲ့ ရလဒ်တွေ ဖြစ်တယ်ဆိုတာလည်း ပြောပါတယ်။ နောက်တခုကတော့ ကျနော်တို့ ဆက်ပြီးတော့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ဖို့နဲ့ အားလုံးပူးပေါင်းပြီးတော့မှ ဒီငြိမ်းချမ်းစွာ လွှဲပြောင်းပေးတာတွေ လုပ်ဖို့ တိုက်တွန်းတာတွေလည်း ရှိပါတယ်။

မေး။ ။ အဲဒီတော့ အမေရိကန် သမ္မတရော သမ္မတကြီး ဦးသိန်းစိန် အာဏာလွှဲပြောင်း မပေးခင် စပ်ကြားမှာ လာရောက်ဖို့ ရှိပါသေးသလားရှင့် ဝန်ကြီး။

ဦးရဲထွဋ်။ ။ အဲဒါတော့ ကျနော်တို့ လောလောဆယ် ဘာမှ အဲဒီ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာတော့ သူတို့ နှစ်ယောက် တွေ့ဖြစ်မယ် ထင်ပါတယ်။

မေး။ ။ အဲဒီတော့ အမေရိကန် သမ္မတ ဖုန်းဆက်တဲ့ အပြင်ပေါ့နော် တရုတ်တို့ တခြားနိုင်ငံတွေကရော သမ္မတကြီး ဦးသိန်းစိန်နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုမှု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရှိပါသေးလားရှင့် ဝန်ကြီး။

ဦးရဲထွဋ်။ ။ ဒီကနေ့ အထိတော့ တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုတာတော့ မရှိပါဘူး။

မေး။ ။ ဒီ ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းပေးမယ်လို့လည်း သမ္မတကြီးက မနေ့တုန်းကလည်း ဝန်ကြီးတို့ ကြေညာချက်ထဲမှာလည်း ကျမတို့ တွေ့ပါတယ်။ အဲဒီတော့ ဝန်ကြီးရှင့် ဒီ ရွေးကောက်ပွဲ ရလဒ်တွေ အပေါ်မှာရော သမ္မတ ဦးသိန်းစိန် ဘက်က သူ့ဘက်က ဘယ်လိုများ ဒီအပေါ်မှာ ရှုမြင်ပါသလဲ။ ဘယ်လိုများ သမ္မတ ဘက်က ခံစားနေရပါသလဲ။

ဦးရဲထွဋ်။ ။ သမ္မတကြီး အနေနဲ့ကတော့ဗျာ ပထမဆုံးတော့ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ကျနော်တို့ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကတိပြုထားတဲ့ အတိုင်း ဆောင်ရွက်ခဲ့တယ်။ ကတိပြုထားတဲ့ အတိုင်းဘဲ ကျနော်တို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ခဲ့တဲ့ အတွက်ကြောင့်မို့ သူ ဝမ်းမြောက်ဝမ်းသာ ဖြစ်တာပေါ့။

ဒုတိယကတော့ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အပေါ်မှာ ပြည်သူတွေရဲ့ အကဲဖြတ် ဆုံးဖြတ်မှုကိုတော့ သူ့အနေနဲ့ ဘာမှ စောဒက တက်စရာ မရှိပါဘူး။ အဲဒီ ဆုံးဖြတ်ချက် အတိုင်းဘဲ သူ လက်ခံပါတယ်။

သုံးအချက်ကတော့ ဒီကနေ့မှာဘဲ ကျနော်တို့ ဝန်ကြီးတွေ အားလုံးကို ပြုပြင်ပြောင်းလဲရေး အစနဲ့ ပြုပြင်ပြောင်းလဲရေး အလယ်မှာရော ပြုပြင်ပြောင်းလဲရေး အဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ ကိုရော အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ။ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် အတိုင်း ပေါ်ပေါက်လာမယ့် အစိုးရ အဖွဲ့ကို စနစ်တကျ သန့်သန့်ရှင်းရှင်း တာဝန်တွေ လွှဲပြောင်းပေးနိုင်ဖို့ ပြင်ဆင်ပါဆိုပြီး ကျနော်တို့ကို သိပ်မကြာသေးခင်ကဘဲ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ကတော့ မနေ့ကလည်း ထုတ်ထားပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်အပြီးမှာ တွေ့ဖို့ပေါ့နော် ညှိနှိုင်းဆောင်ရွက်မယ် ဆိုပြီးတော့ ပြော ထားပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ပြီးပြီးချင်းမှာ တဦးချင်း အနေနဲ့ တွေ့သွားမလားရှင့် ဝန်ကြီး၊ ဒါမှမဟုတ်လို့ရှိရင် ကာချုပ်(ကာကွယ်ရေး ဦးစီးချုပ်) တို့ လွှတ်တော်နာယကတို့နဲ့ သမ္မတကြီးနဲ့ပေါ့နော် လေးပွင့်ဆိုင် များ ဖြစ်လာနိုင်မလားရှင့်။

ဦးရဲထွဋ်။ ။ ပထမဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာထဲမှာ လေးပွင့်ဆိုင် ဆိုတဲ့ စကားလုံးမျိုး သုံးမထားပါဘူး။ ဒုတိယ အနေနဲ့ကတော့ သူက တဦးချင်းစီကိုဘဲ သီးခြား လိပ်မူပြီးတော့ စာပို့ထားပါတယ်။ ဒါမို့လို့ ကျနော်တို့ရဲ့ ပြန်ကြားစာထဲ မှာလည်းဘဲ ဒီ ရွေးကောက်ပွဲ ကော်မရှ င်ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးသွားတဲ့ အခါမှာ ညှိနှိုင်းဆောင်ရွက်ပါမယ်လို့ ပြောတာက အားလုံးကို ခြုံငုံပြီးတော့ ပြော လိုက်တာပေါ့။ ဘယ်လို ပုံစံတွေနဲ့ တွေ့မလဲ၊ ဘာအကြောင်းအရာတွေ ဆွေးနွေးမလဲ၊ ဘယ်နေရာမှာ တွေ့မလဲ ဆိုတာတွေက အဲဒီအခါကျမှဘဲ ကျနော်တို့ ညှိနှိုင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်။

မေး။ ။ ဝန်ကြီးတို့လည်း ဒီကာလကတော့ နည်းနည်း အလုပ်ရှုပ်မယ့် ကာလ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဒီ အာဏာလွှဲပြောင်းရေး ပေါ့နော်။ အစိုးရသစ် တရပ်ကို တာဝန်လွှဲပြောင်းပေးရေးမှာ ဝန်ကြီးတို့ဘက်က အခက်အခဲ တချို့များ ရှိနေပါလား။ ဘာတွေများ အရေးတကြီး ပြင်ဆင်နေရာတာတွေများ ရှိပါသလားရှင့်။

ဦးရဲထွဋ်။ ။ မရှိပါဘူးဗျ။ ကျနေ်ာတို့ တတွေက အစကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်ကတည်းက ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပမယ်၊ ရွေးကောက်ပွဲ ရလဒ်တွေ အတိုင်း ပေါ်လာတဲ့ အတိုင်း ဆက်လက် ဆောင်ရွက်မယ်။ အဲလို ဆောင်ရွက်တဲ့ အခါမှာလည်း ဘာဘဲ ဖြစ်ဖြစ် ထွက်ပေါ်လာတဲ့ အစိုးရသစ်ကို လွှဲပြောင်းနိုင်ဖို့ အတွက် လွန်ခဲ့တဲ့ တနှစ်လောက် ကတည်းက ကြိုတင် ပြင်ဆင်ခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ အခုချိန်မှာ ကျနော်တို့မှာသီးခြား အခက်အခဲတွေ မရှိပါဘူး။

တဖက်ကို လွှဲပြောင်းတဲ့ အခါမှာလည်းဘဲ ပိုပြီးတော့ စနစ်ကျနဖို့ အတွက် ပြင်ဆင်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီနေ့ လုပ်တဲ့ အစိုးရ အဖွဲ့ အစည်းအဝေးမှာလည်းဘဲ သမ္မတကြီးက ဒါကိုဘဲ အလေးအနက်ထားပြီး ညွှန်ကြားပါတယ်။ ကျနော်တို့က ပထမဆုံး အသွင်ကူးပြောင်းရေး ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါကြောင့် ပထမဆုံး ကျနော်တို့ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းခြင်းကို ဆောင်ရွက်နိုင်ဖို့ အတွက် ကျနော်တို့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြဖို့ မှာပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဘာအခက်အခဲမှ မရှိဘူးလို့ ပြောချင်ပါတယ်။”

သမ္မတရဲ့ ပြောခွင့်ရပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသိဂီ ၤထိုက်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG