သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nawaz Sharif ကို အိုဘားမား ဖုန်းဆက်ဂုဏ်ပြု


ပါကစ္စတန်နိုင်ငံရဲ့ စနေနေ့ လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ပါတီရဲ့ခေါင်းဆောင် ဝန်ကြီးချုပ်သစ် ဖြစ်လာမဲ့ပုံရသူ နဝပ် ရှရစ်ဖ် (Nawaz Sharif) ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တယ်လီဖုန်းနဲ့ လှမ်းဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ပါကစ္စတန်ဟာ ဟိုးအရင်ကတည်းက အတူလက်တွဲ အလုပ်လုပ်လာတဲ့ သမိုင်းရှိပြီး ပါကစ္စတန်အစိုးရသစ်နဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားလိုတယ်လို့ သမ္မတ အိုဘားမား က ပြောခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က ပြောပြပါတယ်။

အစွန်းရောက်သမားတွေရဲ့ နှောင့်ယှက်မှုတွေ ရှိပေမဲ့ လူအများအပြား လာရောက် မဲပေးကြတဲ့အပေါ်မှာလည်း ချီးကျူးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မဲရလဒ် အားလုံးနီးပါးကို ရေတွက်ပြီးချိန် အင်္ဂါနေ့က တရားဝင် မဲရလဒ်တွေအရ မစ္စတာ ရှရစ်ဖ်ရဲ့ Pakistan Muslim League က လွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်ရခဲ့ပါတယ်။

လွှတ်တော်အမတ်နေရာ ၂၇၂ နေရာအတွက် သူ့ရဲ့ပါတီက ၁၂၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအာဏာရ Pakistan People’s ပါတီကတော့ အမတ်နေရာ ၃၁ နေရာရပြီး Cricket အားကစား အကျော်အမော် အင်ရန် ခန်း (Imran Khan) ရဲ့ ပါတီကတော့ ၂၆ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG