သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ခိုလှုံခွင့်ပေးမှုကြောင့် ပူတင်နဲ့တွေ့ဆုံရေး အိုဘားမားဖျက်သိမ်း


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ လာမယ့် သီတင်းပတ် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောပါတယ်။ ဒီလို ဆွေးနွေးပွဲအစီအစဉ် ဖျက်သိမ်းတာဟာ ရှားရှားပါးပါး သံတမန်ရေး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း St. Petersburg မှာ ပြုလုပ်မယ့် စက်မှုထိပ်သီး စီးပွားရေးနိုင်ငံ ၂၀ - G20 ထိပ်သီးစည်းဝေးပွဲကို တတ်ရောက်ဖို့ သမ္မတ အိုဘားမားအနေနဲ့ ရုရှားကို သွားရောက်ဖို့ အစီအစဉ်ရှိတုန်းပဲလို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာပါတယ်။ ဒီအစည်းအဝေးပြီးရင် မူလ မော်စကို ကို သွားမယ့် အစီအစဉ်ဖျက်ပြီး၊ ဆွီဒင်နိုင်ငံဘက်ကို သွားဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ အစီအစဉ် အသေးစိတ်တွေကို ဖောက်ထုတ်ဖွင့်ချခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ကို ရုရှားကနေ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ယာယီ ခုံလှုံခွင့်ပေးတဲ့အပေါ် သမ္မတ အိုဘားမားအစိုးရအတွက် ဒေါသဖြစ်စေခဲ့ပါတယ်။

စနိုဒန်ကို သူလျှိုလုပ်မှုနဲ့ အရေးယူဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ပြန်အပ်ဖို့ သမ္မတ အိုဘားမားက ရုရှားကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်ကို မစ္စတာ ပူတင် က ပယ်ချခဲ့တာပါ။ ဒါ့အပြင် ရုရှားနဲ့ အမေရိကန်ကြား ကိစ္စရပ် အချို့မှာလည်း သဘောကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ဒီအထဲမှာတော့ ဥရောပမှာ အမေရိကန်ဘက်က ဒုံးကာကွယ်ရေးစနစ် ထားရှိဖို့ကိစ္စ၊ လူ့အခွင့်အရေးကိစ္စ၊ ဆီးရီးယား ပြည်တွင်းစစ်မှာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ် အာဆပ် အစိုးရတပ်တွေအတွက် ရုရှားက လက်နက်တင်ပို့တဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့က ဆီးရီးယား သူပုန်တွေကို ထောက်ခံထားတာပါ။
XS
SM
MD
LG