သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘတ်ဂျက်ဖြတ်တောက်မှု မရှောင်နိုင်တဲ့အပေါ် သမ္မတအိုဘားမား ဝေဖန်


အမေရိကန်ပြည်ထောင်စုမှာ အသုံးစရိတ် ၈၅ ဘီလီယံ ဒေါ်လာ အလိုလျှောက်အစိုးရ အသုံး စရိတ် ဖြတ်တောက်မယ့်အစီအစဉ် စတင်အသက်ဝင်လာတာနဲ့ အမျှ၊ အမေရိကန်ပြည်သူ အတော်များများဟာ ခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလ နဲ့ ရွေးချယ်မှုတွေ ရင်ဆိုင်လာနေရပါတယ်။

နိုင်ငံတဝှမ်းမှာ အသုံးစရိတ်ဖြတ်တောက်တဲ့ ဂယက်ရိုက်ခတ်မှုတွေ အပြည့်အဝဖြစ်လာဖို့ အတွက်ကတော့ သီတင်းပတ် အတော်များများလိုအုံးမှာဖြစ်ပေမယ့်၊ အသုံးစရိတ်ဖြတ်တောက်မှုရဲ့ ဂယက်ရိုက်ခတ်မှုတွေကတော့ စတင်နေပြီဖြစ်ပါတယ်။

အလုပ်သမားတွေကို လစာမဲံ့ခွင့်ပေးတာမျိုးမဖြစ်ရအောင် တချို့ အစိုးရအေဂျင်စီတွေက အလုပ်သမားအသစ်ခန့်အပ်တာတွေကို ရပ်ဆိုင်းလိုက်သလို၊ စီမံကိန်းတွေအတော်များများမှာ အသုံးပြုနေတဲ့ငွေတွေကိုလည်း ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။ တချို့အစိုးရဝန်ထမ်းတွေကတော့ လစာဖြတ်တောက်ခံရမယ့် အခြေအနေအတွက် ပြင်ဆင်ထားပြီဖြစ်တယ်လို့ ပြောပါတယ်။
အလိုလျှောက်အစိုးရအသုံးစရိတ်ဖြတ်တောက်မယ့် အစီအစဉ်တွေ တဖြည်းဖြည်းဖြစ်လာတာနဲ့ အမျှ၊ ဆင်းရဲသားမိသားစုတွေ နဲ့ အလုပ်လက်မဲ့တွေကို ပေးနေတဲ့ ခံစားခွင့်တွေဟာလည်း ရတော့မှာမဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် အသားငါးတွေအပေါ် စစ်ဆေးတာတွေနည်းလာမှာဖြစ်တဲ့အတွက် ဈေးဆိုင်တွေမှာလည်း အသားငါးတွေ နည်းလာနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းပေးပို့နေတာတွေ လည်း နှောင့်နှေးလာနိုင်သလို၊ ပြည်ပကနေ တင်းသွင်းတာတွေလည်း နည်းလာနိုင်တဲ့အတွက် အမေရိကန်နဲ့ ကုန်သွယ်ဘက်နိုင်ငံတွေလည်း ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။

အစိုးရအသုံးစရိတ်မရေ မရာဖြစ်နေတဲ့အတွက် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာလည်း အန္တရာယ်တွေနဲ့ ကြုံလာရနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် Chuck Hagel က ပန်တဂွန်စစ်ဌာနာချုပ်မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ရေတပ် အနေနဲ့လည်း သူတို့ရဲ့ လေယာဉ်တွေကို ရပ်ထားရမှာဖြစ်သလို လေတပ်ဆိုရင်လည်း ပျံသန်းမှုလုပ်တဲ့ အချိန်တွေကို လျှော့ချပစ်ရမှာဖြစ်ပြီး ကြည်းတပ်ဘက် မှာတော့ လေ့ကျင့်ရေးတွေ လျှော့ချ သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG