သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားတိုက်ခိုက်မှု သမ္မတအိုဘားမား ပြင်းထန်စွာ ရှုတ်ချ


J. Chiritopher Stevens
J. Chiritopher Stevens
လစ်ဗျားနိုင်ငံအရှေ့ပိုင်း Benghazi မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ဒေသခံ ဆန္ဒပြသူတွေ အကြမ်းဖက်စီးနင်းခဲ့ရာမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး J. Chiritopher Stevens နဲ့ သံတမန် ၃ ဦးသေဆုံးခဲ့ရပါတယ်။

အစ္စလာမ်ဘာသာရဲ့ တမာန်တော် မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ အပျော်တမ်း ဗီဒီယိုကို အင်တာနက်ကနေ ထုတ်လွှင့်ခဲ့တဲ့အပေါ် အမျက်ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးက ဘင်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို သေနတ်နဲ့ပစ်ပြီး မီးရှို့ခဲ့ကြလို့ အမေရိကန် သံတမန်တွေ သေဆုံး ကြရတာဖြစ်ပါတယ်။

အခုလို အမေရိကန်သံတမန်လေးဦး သေဆုံးခဲ့ရတဲ့အကြမ်းဖက်မှုကို သမ္မတအိုဘားမားက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ လွတ်မြောက်မှု၊ တရားမျှတမှုအတွက် ကမ္ဘာတဝန်းက ပြည်သူတွေနဲ့အတူ အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးမထားဘဲ စာနာစိတ်ကင်းမဲ့စွာ အသက် အန္တရာယ်ပေးခဲ့ကြတယ်လို့ သမ္မတအိုဘားမားက မှတ်ချက်ပေးပါတယ်။

သံအမတ်ကြီး J. Chiritopher Stevens ဟာ အနှစ်နှစ်ဆယ်အတွင်း ပြည်ပမှာ ပထမဆုံး သေဆုံးရတဲ့ အမေရိကန် သံတမန်ဖြစ်ပါတယ်။ သံအမတ်ကြီးစတီဖင်ဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဦးချိုဒေသရေးရာ အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး ပြီးခဲ့တဲ့ မေလကမှ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန သတင်းနဲ့ပြန်ကြားရေး စီမံကွပ်ကဲမှုအရာရှိ ရှောင်စမစ်တ် (Sean Smith)လည်း သံအမတ်ကြီးနဲ့အတူ သေဆုံးခဲ့ပါတယ်။ နောက်ထပ် သေဆုံးသူ အမေရိကန် သံ တမန်နှစ်ဦးရဲ့ အမည်တွေကို မိသားစုထံ အကြောင်းကြားနေဆဲဖြစ်လို့ ဝန်ကြီးကလင်တန်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဝန်ကြီးကလင်တန်က ဒီအကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

လစ်ဗျားဒု-ဝန်ကြီးချုပ် Mustafa Abu Shagour ကလည်း အမေရိကန် သံတမန်လေးဦး သေဆုံးရတဲ့ အကြမ်းဖက်လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အင်တာနက်မှာတင်ထားတဲ့ ဗွီဒီယိုကို တုံ့ပြန်တဲ့အနေနဲ့ တချို့က ဒီလို ရက်ရက် စက်စက် အကြမ်းဖက် တုံ့ပြန်ကြတာဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။ တခြားသူတွေရဲ့ ယုံကြည်ကိုးကွယ်မှု ကို စော်ကားတဲ့ ဘယ်သူ့ကိုမဆို အမေရိကန် ပြည်ထောင်စုက ရှုတ်ချပေမဲ့ ဒီလိုမျိုး အကြမ်းဖက် လုပ်ရပ်ကိုတော့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က အမေရိကန်သံရုံးအုတ်တံတိုင်းကို ဆန္ဒပြသူတွေက ကျော်တက်ပြီး အမေရိကန် အလံကို ဖျက်စီးပြီး အစ္စလာမ်နဖူးစည်းကို တင်ခဲ့ကြပါတယ်။

အစ္စလာမ်အစွန်းရောက်တွေက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ အစ္စလာမ်အစွန်းရောက်တွေ ဒေါသထွက်စေခဲ့တဲ့ ဗွီဒီယိုကို အမေရိကန် ဂျူး တယောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာဟာ ကင်ဆာရောဂါလိုပဲလို့ ပြန့်နှံ့တယ်လို့ Youtube မှာ ဖော်ပြခဲ့ပါတယ်။

အခု နောက်ဆုံးဝင်လာတဲ့သတင်းအရ ကမ္ဘာတဝှန်း တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန်နိုင်ငံ သားတွေဟာ ကမ္ဘာကြီးတိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးအတွက် အင်အားတွေဖြစ်ပြီး ဒီအားကျ ဂုဏ်ယူ ဖွယ်ရာတွေအတွက် တိုက်ပွဲဝင်ပေးရကျိုး နပ်ပါတယ်လို့ ဝန်ကြီးကလင်တန် က ပြောဆိုလိုက်တာပါ။ သူတို့တတွေလွတ်မြောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက ဝိုင်းဝန်းကူညီပေးခဲ့တဲ့ နိုင်ငံမှာ ဘယ်လိုလုပ်ပြီး ဒီလိုများဖြစ်ရပါလိမ့်လို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။
XS
SM
MD
LG