သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူလတန်းကျောင်းပစ်ခတ်ခံရမှု ဆုတောင်းပွဲ သမ္မတအိုဘားမား တက်ရောက်


အမေရိကန်သမ္မတ ဘရက်အိုဘားမား၊ (ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
အမေရိကန်သမ္မတ ဘရက်အိုဘားမား၊ (ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
သောကြာနေ့က မူလတန်း ကျောင်းသားကျောင်းသူ ၂၀ နဲ့ ကျောင်းအုပ်ဆရာမကြီး အပါအဝင် လူကြီး ၆ ဦး သေနတ်နဲ့ အပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တဲ့ Connecticut ပြည်နယ် နယူးတောင်း မြို့ကို အမေရိကန် သမ္မတ ဘရက်အိုဘားမား က တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့ပါတယ်။ သမ္မတဟာ Sandy Hook မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေရဲ့ မိတ်ဆွေတွေကို တွေ့ဆုံမှာ ဖြစ်တဲ့အပြင် အခင်းဖြစ်ပွားရာ နေရာမှာ ချက်ချင်း အရေးယူ ဆောင်ရွက်ခဲ့သူတွေကို ကျေးဇူးတင်စကား ပြောကြားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ဒီ မြို့ငယ်ကလေးမှာ ညဘက် ကျင်းပဖို့ ရှိတဲ့ အောက်မေ့ဘွယ် အခမ်းအနားမှာ မိန့်ခွန်း ပြောကြားဖို့လည်း ရှိပါတယ်။ မူလတန်းကျောင်းသူ ၁၂ ဦးနဲ့ ကျောင်းသားလေး ၈ ဦးတို့ သေဆုံးခဲ့ရတာ ဖြစ်ပြီး သူတို့ဟာ အသက် ၆ နှစ်ကနေ ၇ နှစ်အရွယ် တတန်းတည်း သားတွေ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းအုပ်ကြီး ဒွန် ဟော့စပရွန် (Dawn Hochsprung) လည်း ပါဝင်ပြီး သူနဲ့အတူ အမျိုးသမီး ခြောက်ဦး သေဆုံးခဲ့ရတာပါ။ ကျောင်းအုပ်ကြီး ဟာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ လူငယ်ကို ဟန့်တားခဲ့သူ ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ဆရာမ ဗစ်တိုရီယာ ဆိုတို (Victoria Soto) ကတော့ သူ့တပည့်တွေ သေနတ်နဲ့ အပစ်မခံရအောင် ရှေ့ကနေ ကာဆီးပေးခဲ့သူ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ နေ့လယ်ပိုင်း အချိန်အထိ ဘာကြောင့်ခုလို သေနတ်သမားက ပစ်ခတ်ခဲ့ရတယ် ဆိုတဲ့ အကြောင်းရင်း အပါအဝင် အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး Connecticut ပြည်နယ် ရဲတွေက သတင်း မထုတ်ပြန်သေးဘဲ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်သူဟာ အသက် ၂၀ အရွယ် အဒမ်လန်ဇာ (Adam Lanza) ဖြစ်ပြီး သူဟာ အပေါင်းအသင်း အဆင်မပြေသူ၊ တိတ်တဆိတ်နေတတ်သူ ဖြစ်ပေမဲ့ ထက်မြက်သူ တဦးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သူဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရတာပါ။ သူ့မိခင်ကိုတော့ နေအိမ်မှာ သေဆုံးနေတာ တွေ့ရပြီး သားဖြစ်သူကပဲ ပစ်သတ်တာလို့ သတ်မှတ်ထားပါတယ်။
XS
SM
MD
LG