သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အခြေပြမိန့်ခွန်းအကြောင်း သိကောင်းစရာ


အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတအနေနဲ့ လွှတ်တော်ကို နိုင်ငံတော်ရဲ့ အခြေအနေ လိုအပ်ရင် လိုအပ်သလို မိန့်ခွန်း ပြောကြားရမယ်ဆိုပြီး ဖော်ပြထားပါ တယ်။ နိုင်ငံတော် အကျိုးအတွက် အမှန်တကယ် လိုအပ်တယ်လို့ ယူဆရင် ဒီလိုအခြေပြ မိန့်ခွန်း ပြောဖို့ သမ္မတအနေနဲ့ လွှတ်တော်ကို အကြံပြု တိုက်တွန်းနိုင်ခွင့်လည်း ရှိပါတယ်။

အထက်လွှတ်တော်အမတ်တွေ၊ အောက်လွှတ်တော်အမတ်တွေ၊ နောက် တရားရုံးချုပ် တရားသူကြီးတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ သံတမန်တွေနဲ့ ပူးတွဲ စစ်ဦးးချုပ်တွေရဲ့ ရှေ့မှောက်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို သမ္မတက ပြောကြားလေ့ရှိတာပါ။ သမ္မတ မိန့်ခွန်းပြောကြားတဲ့နေ့မှာ လွှတ်တော်မှာ တင်သွင်းဆဲ အတည်ပြု မပြု ဆုံးဖြတ်ရမယ့် ဥပဒေကြမ်းတွေကို ဖယ်ထားလေ့ ရှိပါတယ်။ သမိုင်းမှာ ၁၉၃၄ ခုနှစ်အထိတော့ ဒီလို အခြေပြမိန့်ခွန်းကို သမ္မတက ဒီဇင်ဘာလမှာဘဲ နှစ်စဉ် ပြောကြားလေ့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဇန်နဝါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလတွေမှာ ဒီလို အခြေပြမိန့်ခွန်း ပြောကြားလေ့ ရှိပါတယ်။

သမိုင်းမှာ ပထမဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့ဖူးတဲ့ သမ္မတဟာ George Washington ဖြစ်ပါတယ်။ ၁၇၉၀ ခုနှစ်က ပြောကြားခဲ့တာပါ။ အဲဒီတုန်းက သူ့မိန့်ခွန်းတခုလုံးဟာ စကားလုံး ၈၃၃ လုံးပဲ ပါတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ သမိုင်းမှာ အတိုဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်း ဖြစ်ပါတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်းတိုင်းကို သမ္မတက အမြဲတစေ လူကိုယ်တိုင်ပြောကြားခဲ့တာတော့ မဟုတ်ပါဘူး။ ၁၈၀၁ ခုနှစ်မှာ သမ္မတဟောင်း Thomas Jefferson က မိန့်ခွန်းကို စာနဲ့ ရေးသားပေးပို့ခဲ့ပြီး လွှတ်တော်ရေးရာ အရာရှိတွေက ဖတ်ကြားပြခဲ့ပါတယ်။ နောက်ပိုင်း သမ္မတက စာနဲ့ လွှတ်တော်ကို ရေးသားပေးပို့တဲ့ အစဉ်အလာ နှစ်ပေါင်း တစ်ရာလောက် ဆက်ရှိနေခဲ့ပြီး၊ ၁၉၁၃ ခုနှစ်မှာမှ သမ္မတဟောင်း Woodrow Wilson လက်ထက်မှာ သမ္မတကိုယ်တိုင် လွှတ်တော်ရှေ့မှောက် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားတဲ့ အစဉ်အလာ ပြန်ပေါ်လာခဲ့ပါတယ်။

နောက်ပိုင်း နည်းပညာတွေ တိုးတက်လာတဲ့အချိန်၊ ၁၉၂၃ ခုနှစ်က သမ္မတဟောင်း Calvin Coolidge လက်ထက်မှာတော့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ရေဒီယိုကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ရုပ်မြင်သံကြားကနေ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တာကတော့ ၁၉၄၇ ခုနှစ် သမ္မတဟောင်း Harry Truman လက်ထက် မှာပါ၊ အင်တာနက်ကနေ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်ခဲ့တာကတော့ ၂၀၀၂ ခုနှစ် သမ္မတဟောင်း George W. Bush လက်ထက် ဖြစ်ပါတယ်။ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို အတိုက်အခံပါတီဘက်က ရုပ်မြင်သံကြားကနေ ပထမဆုံး ပြန်လည် တုံ့ပြန်တာကတော့ ၁၉၆၆ ခုနှစ် ဖြစ်ပါတယ်။ ဒီလို အတိုက်အခံပါတီက လွှတ်တော်အမတ်တွေရဲ့ ပြန်လည် တုံ့ပြန်ချက် ထုတ်လွှင့်လာတာဟာ ၁၉၈၂ နောက်ပိုင်းမှာတော့ အစဉ်အလာတခုလို ဖြစ်ခဲ့ပါတယ်။

သမ္မတက နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားတဲ့အချိန် အထူးဧည့်သည်တော်တွေလည်း လွှတ်တော်အတွင်းမှာ ဖိတ်ကြားလေ့ ရှိပါတယ်။ သမိုင်းမှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောတဲ့အချိန် သမ္မတကတော်ရဲ့ ဘေး အထူးဧည့်သည်တော်တွေကို ထိုင်ဖို့ ပထမဆုံး ဖိတ်ကြားခဲ့သူကတော့ သမ္မတဟောင်း Ronald Reagan ဖြစ်ပါတယ်။ ဒီနှစ်တော့ သမ္မတကတော် Michelle Obama ဘေးမှာ ထိုင်ဖို့ လူ နှစ်ဒါဇင်လောက် ဖိတ်ကြားထားတဲ့အထဲမှာ ဆီးရီးယားဒုက္ခသည်တယောက်နဲ့ မူဆလင် စစ်မှုထမ်းဟောင်း တယောက်ကို လည်း ထည့်သွင်း ဖိတ်ကြားထားပါတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားတဲ့အချိန်တိုင်းမှာ သမ္မတတခုခုဖြစ်ခဲ့ရင်၊ ဥပမာ မတော်တဆ တိမ်းပါးသွားခဲ့ရင်၊ သူ့နေရာကို ဆက်ခံမယ့်သူကို ကြိုပြီး သတ်မှတ် ခန့်အပ်ထားတဲ့ အစဉ်အလာလည်း ရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဘေးအန္တရာယ်တခုခု ကျရောက်ပြီး တိုင်းပြည်ခေါင်းဆောင်တွေ ဆုံးရှုံးခဲ့မယ်ဆိုရင် သူ့နေရာကို ဆက်ခံဖို့ပါ။ ဒီလို ဆက်ခံမယ့်သူ ဘယ်သူ ဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော် ကြေညာခြင်း မရှိပါဘူး။ သမ္မတမိန့်ခွန်းမပြောခင် သီတင်းပတ် အတန်ကြာကတည်းက ကြိုတင် ရွေးချယ်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားတဲ့အချိန်မှာလည်း အဲဒီသမ္မတနေရာ အရေးပေါ်လိုအပ်ရင် ဆက်ခံဖို့ ခန့်အပ်ထားတဲ့သူကို လျှို့ဝှက်တနေရာမှာ လုံခြုံရေးအစောင့်အကြပ်တွေနဲ့ ထားလေ့ရှိပါတယ်။ သမ္မတကိုယ်တိုင် အိမ်ဖြူတော်ကို ပြန်ရောက်တဲ့အချိန်၊ တခြားလွှတ်တော်အမတ်တွေ လွှတ်တော်အဆောက်အဦးက ပြန်လည် ထွက်ခွာတဲ့အချိန်အထိ အဲဒီ အရေးပေါ်လိုအပ်ရင် သမ္မတနေရာ ဆက်ခံမယ်လို့ သတ်မှတ်ထားတဲ့သူကို လျှို့ဝှက်နေရာမှာပဲ ထားလေ့ရှိပါတယ်။

XS
SM
MD
LG