သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း


အမေရိကန်သမ္မတ Barack Obama နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၇ မေ ၂၀၁၃)
အမေရိကန်သမ္မတ Barack Obama နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၇ မေ ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အတုယူပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြောက်ကိုရီးယားကို တိုက်တွန်းပြောကြားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ တောင် ကိုရီးယား သမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) နဲ့ အင်္ဂါနေ့တုန်းက ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သမ္မတ အိုဘားမားက ပြောကြားသွားတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦး အင်္ဂါနေ့ကလုပ်တဲ့ အစည်းအဝေးမှာတော့ မြောက်ကိုရီးယားကိစ္စနဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မြန်မာကို ဥပမာယူပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ လမ်းဖွင့်ဖို့ သမ္မတ အိုဘားမားက အင်္ဂါနေ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။

“မြောက်ကိုရီးယားအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဖြစ်အပျက် အခြေအနေတွေကို အတုယူသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သံတမန်ရေး ဆက်ဆံမှုတွေ ပိုပြီး တိုးလုပ်လာနေပါပြီ။”

အမေရိကန် ခေါင်းဆောင်တွေအနေနဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ မြန်မာကို အတုယူဖို့ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း မကြာမကြာ ပြောခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်းမှာ တောင်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ပိုတိုးလာသလို၊ အမေရိကန် ပြည်ထောင်စုနဲ့လည်း အရင်လို မဟုတ်ဘဲ ဆက်ဆံရေး အတော် အဆင်ပြေလာပါတယ်။

တောင်ကိုရီးယားဟာ အရင်တုန်းက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံပြီး ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်တာ ရှိခဲ့ပေမဲ့၊ အခုနောက်ပိုင်း ဆက်ဆံမှုတွေ ပိုကျယ်ပြန့်လာပါတယ်။

တောင်ကိုရီးယား ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေး၊ သတ္ထုမိုင်း၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး စတဲ့ လုပ်ငန်း အတော်များများမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ စာရင်းအရဆိုရင် တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း ၄၈ ခုရှိပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ ရှိတယ်လို့ မြန်မာအစိုးရ ကိန်းဂဏန်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးသစ် ဖွင့်ပြီးတဲ့နောက် အရေးယူ ဒဏ်ခတ်မှုအချို့ကို ယာယီဆိုင်းငံ့လိုက်ပြီး၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။

မကြာခင်ကဆိုရင်တော့ မြန်မာအစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ သူတို့ မိသားစုဝင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အရေးယူမှု ဥပဒေ အတော်များများက ယာယီ ဆိုင်းငံ့ထားတဲ့ သဘောမှာရှိပြီး၊ အားလုံးဟာ ဥပဒေအရ တည်ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို အရေးယူမှုတွေကို ဥပဒေအတိုင်း ဆက်ထားတာဟာ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိတာကို အသိအမှတ်ပြုပေမဲ့ လုပ်ဆောင်စရာတွေ ရှိသေးတယ်ဆိုတာ ဖော်ပြချက်ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဒီအထဲမှာတော့ မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုကိစ္စ သတိပေးချက်လည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။
XS
SM
MD
LG