သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နေသူတွေ တရားဝင်ဖြစ်ရေး အိုဘားမားစဉ်းစား


လူဝင်မှုကြီးကြပ်ရေး အစီအစဉ်သစ် အကြောင်း ပြောကြားနေတဲ့ အမေရိကန်သမ္မတအိုဘားမား။ (ဇန်နဝါရီလ ၁၅ ရက်။)
လူဝင်မှုကြီးကြပ်ရေး အစီအစဉ်သစ် အကြောင်း ပြောကြားနေတဲ့ အမေရိကန်သမ္မတအိုဘားမား။ (ဇန်နဝါရီလ ၁၅ ရက်။)
အမေရိကန်ပြည်ထောင်စုမှာ တရားမဝင် ရောက်ရှိနေထိုင်နေကြသူတွေကို ၈ နှစ် အတွင်း တရားဝင်အမြဲတမ်း နေထိုင်သူတွေအဖြစ် ခွင့်ပြုပေးမယ့် လူဝင်မှုကြီးကြပ်ရေး အစီအစဉ်တခုကို သမ္မတအိမ်ဖြူတော်က ရေးဆွဲ နေတယ်လို့ ထင်ရှားတဲ့ သတင်းစာကြီးတစောင်က ရေးသားဖော်ပြ လိုက်ပါတယ်။

အသစ်ရေးဆွဲနေတဲ့ အစီအစဉ်အသစ်ကို အတည်ပြုချက်ရမယ်ဆိုရင် အမေရိကန်နိုင်ငံမှာ တရားမဝင်ရောက်ရှိနေထိုင် နေကြသူ ၁၁ သန်း အနေနဲ့ တရားဝင်နေထိုင်ခွင့် ဗီဇာလျှောက်ထားခွင့်ပြုမှာ ဖြစ်ကြောင်း စနေနေ့ နှောင်းပိုင်းမှာ ထုတ်ဝေတဲ့ USA Today သတင်းစာမှာ ရေးသားထားပါတယ်။

အတည်ပြုချက်ရခဲ့မယ်ဆိုရင် အဲဒီသူတွေရဲ့ ပြည်ပမှာနေထိုင်နေကြတဲ့ ဇနီး ခင်ပွန်းသည်တွေ မိသားစုဝင် ကလေးတွေကိုပါ တရားဝင်ထည့်သွင်း လျှောက်ထားနိုင်ခွင့် ပြုပေး လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ကရေးဆွဲနေတဲ့ အစီအစဉ်သစ်အရ တရားမဝင် နေထိုင်နေသူတွေ အနေနဲ့ ရာဇဝတ်မှုနောက်ကြောင်းရာဇဝင် စစ်ဆေးခံရမှာဖြစ်သလို ဇီဝသက်သေခံ အထောက်အထားနဲ့ ဗီဇာလျှောက်ထားခ ပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လေးနှစ်ဆက်တိုက် နေထိုင်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံရဲ့ပြင်ပကို အချိန်တို ခရီးသွားလာခွင့် ပြုမှာ ဖြစ်သလို လေးနှစ်ပြည့်သွားတဲ့အခါ ဗီဇာသက်တမ်း တိုးခွင့် လျှောက်ထားနိုင်ခွင့် ပြုမှာ ဖြစ်ပါတယ်။ ၈ နှစ်အတွင်း အင်္ဂလိပ်စာသင်ကြားမယ်၊ အမေရိကန်အစိုးရနဲ့ နိုင်ငံရဲ့သမိုင်းကို လေ့လာမယ်၊ အခွန်ထမ်းဆောင်မယ် ဆိုရင် နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားပိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ USA Today သတင်းစာမှာ ရေးသား ထားပါတယ်။
XS
SM
MD
LG