သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဖြစ်ရေး နဲ့ သားသမီး အရေး ဆက်စပ်မှု အိုဘားမား ဝေဖန်


အမေရိကန်သမ္မတ Barak Obama က မြန်မာ့ပြုပြင်ပြောင်းလဲရေးရေချိန်ကို ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မှာလည်း ကန့်သတ်ချက်တွေ အစား အများပါဝင်နိုင်အောင် ဆောင်ရွက်ပေးရေး စတာတွေနဲ့ တိုင်းတာ စောင့်ကြည့်မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် မှာ တိုက်တွန်းနိုင်ခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူနည်းစု အနေနဲ့ ဖြစ်ပေမဲ့လည်း PR အချိုးကျကိုယ်စားပြစံနစ်ကို ကန့်ကွက်တာ အထမြောက်ခဲ့ကြောင်း၊ ဒါ့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုလည်း ပြည်သူလူထုဆန္ဒနဲ့ အညီပြင်ဆင်ရေး ဇွဲမလျှော့ဘဲ ဥပဒေဘောင် အတွင်းက ဆက်လက် ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း ကပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သူ့ရဲ့နေအိမ်မှာ တစ်နာရီကြာ သွားရောက် တွေ့ဆုံပြီးတော့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

"သမ္မတဦးသိန်းစိန်နဲ့ တွေ့တုံးက ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ အပြည့်အ၀ အကောင်အထည်ဖေါ်ပြီးပြီလဲဆိုတာကို ကျနော်တို့ ဘယ်အချက်တွေနဲ့ ဘယ်လို တိုင်းတာမလဲ ဆိုတာကို အတိအကျ ပြောဖြစ်ခဲ့ပါတယ်။ နံပါတ်တစ် အချက် ကတော့ ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပပေးဖို့ ၊ နောက် ကျနှောင့်နှေး တာကို ကျနော်တို့ မတွေ့ချင်ပါဘူး။ လွတ်လပ်ပြီး တရား မျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကနေတဆင့် ပြည်သူတွေရဲ့ ဆန္ဒကိုကြားသိရဖို့ အချိန်တန်နေလို့ဘဲဖြစ်ပါတယ်။"

မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ၊ စစ်တပ်က ကလေးစစ်သားတွေ လွှတ်ပေးနေတာ၊ သတင်းစာလွတ်လပ်စွာ ထုတ်ဝေခွင့်ပေးနေတာ စတဲ့ တိုးတက်မှုတွေကို တွေ့နေရပေမဲ့ နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတဲ့ အကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက် တွေနဲ့ ပတ်သက်လို့လည်း သမ္မတ အိုဘားမားက အခုလို ထောက်ပြလိုက်ပါတယ်။

"ဖွဲ့စည်းပုံပြင်ဆင်ရေး ဟာလည်း ဟိုလူမပါရဘူး၊ ဒီလူမပါရဘူး ဆိုတာထက် အားလုံး ပါဝင်နိုင်ရေးကို ထင်ဟပ်ဖို့လိုတယ်လို့လည်း သမ္မတ ဦးသိန်းစိန်ကို ကျနော်ပြောပြခဲ့ ပါတယ်။ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အချက်တချို့ဟာ သိပ်အဓိပ္ပါယ်မရှိဘူး လို့ ယူဆပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်လိုပြင်ဆင်မယ် ဆိုတာ ကတော့ မြန်မာပြည်သူလူထုပေါ်မှာဘဲ မူတည်ပါတယ်။ ဥပမာ ကျနော်နားမလည်တဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ အချက်တခုက သားသမီးတွေက ဘယ်သူတွေလဲ၊ အဲဒီသားသမီးတွေကြောင့် သမ္မတအဖြစ် အရွေးခံခွင့်မရှိဘူး ဆိုတာကတော့ ကျနော့်အတွက် သိပ်အဓိပ္ပါယ်မရှိလှပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒနဲ့အညီ ဆက်လက်ကြိုးစားနေတယ်နေတယ်ဆိုတဲ့အကြောင်း အခုလိုပြောဆိုသွားပါတယ်။

"ကျမတို့ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ နေ့ဝက်လောက်ဘဲ အပြန်အလှန် ဆွေးနွေးခဲ့ရသေးတာပါ။ တချို ု့လည်းကြားပြီးဖြစ်မှာပါ။ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစံနစ်ကို ကျင့်သုံးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကိစ္စ စပြီးဆွေးနွေးကြတုံး က ပြောကြပါတယ်။ NLD ဟာ လွှတ်တော်မှာ လူနည်းစုဖြစ် တာကြောင့် ကန့်ကွက်လို့ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာပါ။ နိုင်ငံရဲ့ အနာဂတ် အတွက် ကျမတို့ မားမားမတ်မတ်ရပ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ အနိုင်ယူလိုတဲ့ စိတ်နဲ့ မဟုတ်ပါဘူး။ အခုလည်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ သတင်းသမားတွေ အဖမ်းခံနေရတာ၊ အသတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ တဦးချင်း တယောက်ချင်း အကြောင်းကို မပြောဖြစ်ခဲ့ပေမဲ့လို့ သတင်းလွတ်လပ်ခွင့် အခြေခံမူတွေနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

"သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တယ်ဆိုတဲ့ အခြေခံမူကိုတော့ ပြောပြဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လူထုကို ရှင်းလင်းတင်ပြဖို့ သတင်းထောက်ကို အားထားရတာဖြစ်ပါတယ်။ အစိုးရက သတင်းထောက်တွေကို ထိန်းချုပ်နေမယ်ဆိုရင်တော့ အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေကို သိရှိနိုင်ဖို့ လူထုအတွက်ခက်ခဲမှာဖြစ်ပါတယ်။ သတင်းသမားတွေဟာ လိုအပ်တဲ့ ပေါင်းကူးဖြစ်ပါတယ်။ ဒါတွေအတွက် အသွင်ကူးပြောင်းရေးလုပ်နေကြတဲ့ ကာလလို့ယူဆပါတယ်။ အရင်တခေါက်လာတုံးကထက် ပိုပြီး တက်ကြွစွာဆွေးနွေးနေကြပုံရပါတယ်။

ဒါပေမဲ့ ဒီလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်နေလို့မရပါဘူး။ သတင်းသမားတွေ ထောင်ကျနေ တယ်၊ အဖမ်းခံရတယ်၊ အသတ်ခံရ တယ်၊ နှောက်ယှက်ခံနေရတယ်၊ ပြစ်ဒဏ်ပေးခံရတယ် စသဖြင့်ကြားနေရရင်တော့ အဲဒီ အစိုးရဟာ ဒုက္ခရောက်နေလို့ပါဘဲ။ ဒီအစိုးရနဲ့ဘဲဖြစ်ဖြစ် ဘယ်အစိုးရနဲ့ ဘဲဖြစ်ဖြစ် သတင်းသမားတွေ ဒုက္ခရောက်နေတယ်ကြားရင် ကျနော်တို့က ထောက်ပြပြောဆိုမှာဘဲဖြစ်ပါတယ်။"

နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ သမ္မတ အိုဘားမားဟာ ခရီးရောက်မဆိုက်ဆိုသလိုပဲ ရန်ကုန်မြို့လည်က အတွင်းဝန်များ ရုံးဟောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီ့ကနေ ဆူးလေဘုရားတဝိုက်မှာ ရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ဗလီကျောင်းတွေကို ကားနဲ့ လှည့်ပတ်လေ့ လာပြီးမှ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG