သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းနဲ့ အစ္စရေးငြိမ်းချမ်းရေးဆွေးနွေးဖို့ အိုဘားမား တိုက်တွန်း


အိုဘားမား ဂျေရုဆလင် မိန့်ခွန်းပြောစဉ်။
အိုဘားမား ဂျေရုဆလင် မိန့်ခွန်းပြောစဉ်။
အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တည်ရှိနေတဲ့ ဖြေရှင်းမရနိုင်တဲ့ ပြဿနာတွေ အရင် ပြေလည်အောင် လုပ်ဆောင်နေတာထက် အခြေခံကျတဲ့ ပြဿနာတွေကစပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Barack Obama က တိုက်တွန်းလိုက်ပါတယ်။

သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ် အစ္စရေးနဲ့ အနောက်ဖက်ကမ်းခြေကို သွားရောက် လည်ပတ်တဲ့ ခရီးစဉ်အတွင်း Ramallah မြို့ မှာပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက အဲဒီလို ပြောကြားလိုက်တာပါ။

အရာရာ ပြေလည်အောင် ကြိုတင် လုပ်ဆောင်ပြီးမှ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်လို့ သဘောထားနေရင် စေ့စပ်ညှိနှိုင်းဖို့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အစ္စရေးတို့ဖက် အနောက်ဖက်ကမ်းခြေမှာ လူတွေ ပြောင်းရွေ့နေထိုင်ခွင့်ပြုတာနဲ့ အရှေ့ဂျေရုဆင်လင်မြို့မှာ အိမ်ယာသစ်တွေ တိုးချဲ့ ဆောက်လုပ်နေတာတွေ မရပ်တန့်မချင်း အစ္စရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှာမဟုတ်ဘူးလို့ ပါလက်စတိုင်းသမ္မတ အာဘာ့စ်က အကြိမ်ကြိမ် ပြောထားပြီး ဖြစ်ပါတယ်။ မစ္စတာ အာဘာ့စ်အနေနဲ့ ကြိုတင် ကန့်သတ်ချက်တွေ မထားပဲ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အစောကြီးကတည်းက တောင်းဆိုထားပြီး ဖြစ်ပါတယ်။

အစ္စရေးတို့က အခုလို အနောက်ဖက်ကမ်းခြေဒေသကို ပြောင်းရွေ့နေထိုင်တာဟာ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမားနဲ့ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ အာဘာ့စ်က ထပ်မံ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG