သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ၉၇ ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အိုးဘားမား လိုလား


အမေရိကန်သမ္မတ ဘရက်အိုဘားမား။ (ဧပြီလ ၃၀ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတ ဘရက်အိုဘားမား။ (ဧပြီလ ၃၀ ရက်၊ ၂၀၁၃)။
၁၉၉၇ ခုနှစ် သမ္မတ ဘီလ်ကလင်တန် လက်ထက်က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူမှုဥပဒေကို သက်တမ်းတိုးဖို့ သမ္မတအိုဘားမားက အမေရိကန်လွှတ်တော် နှစ်ရပ်ကို အသိပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲကျင့်သုံးရာမှာ၊ ထိစပ်ဆက်ဆံရေးမူ ကို ကျင့်သုံးနေသလို တဘက်မှာ ဖိအားပေးတဲ့ အရေးယူမှုတွေရှိသေးတယ် ဆိုတာကို ပြတာပါလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သိသာတဲ့တိုးတက်မှုတွေ ရှိနေပြီး၊ ပြုပြင်ပြောင်းလဲရေးအတွက် အားထုတ်ဆောင်ရွက်နေပေမဲ့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသား အရေးပေါ် အက်ဥပဒေကို သမ္မတ ဘရက်အိုဘားမားက ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြား လိုက်တာပါ။ ဒီလုပ်ရပ်အပေါ်မှာတော့ အမေရိကန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှုအဖွဲ့ USCB က ဝမ်းမြောက်ကြိုဆိုတဲ့ အကြောင်း အဲဒီအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Jennifer Quigley က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒါဟာ လုပ်သင့်တဲ့ကိစ္စပါ။ အချို့နေရာတွေ ပြောင်းလဲတိုးတက်မှုတွေ ကျန်နေသေးတယ် ဆိုတာကို ပြသဖို့ ထိရောက်တဲ့ ကန့်သတ်ချက်တွေ ရှိထားရမှာပါ။ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ကိစ္စရပ်တွေမှာပါ။ ဆိုလိုရင်းကတော့ အရေးယူဒဏ်ခတ်မှုတွေ ရှိနေသေးတယ်ဆိုတာပါ။ အခုလို သက်တမ်းတိုးခြင်းအားဖြင့် စစ်တပ်နဲ့ပတ်သက်မှုတွေကို ကန့်သတ်တာ အပါအဝင် အရေးယူဒဏ်ခတ်မှုတရပ်လုံး ရှိနေသေးတယ်ဆိုတာ ပြပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းမှုမှာတော့ မြန်မာနိုင်ငံအတွင်း အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပင်နေတဲ့အခြေအနေ အတော်များများမှာ အရေးကြီးတဲ့ တိုးတက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသား ၈၅၀ လွတ်မြောက်ခဲ့တာ၊ လက်နက်ကိုင်တိုင်းရင်းသား အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်တာ၊ နိုင်ငံတွင်းမှာလည်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပါဝင်လှုပ်ရှားခွင့်တွေ ရှိလာတာကို ထောက်ပြပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးအဓိကရုဏ်း၊ တိုင်းပြည်တွင်း အခြားနေရာတွေက ဘာသာရေးအဓိကရုဏ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ အပါအဝင် ဖြေရှင်းလုပ်ကိုင်စရာ အတော်များများ ရှိသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါတယ်။ Jennifer Quigley ကတော့ အိမ်ဖြူတော်ရဲ့ ဒီ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေ ရှိနေသေးတယ်ဆိုတာ ပြသတဲ့အကြောင်း ယူဆပါတယ်။

“၁၉၉၇ ခုနှစ် သမ္မတဘီလ်ကလင်တန်လက်ထက်က ချမှတ်ခဲ့တဲ့ ဒီ ဥပဒေ အသက်ဝင်ဖို့ဆိုရင် နှစ်စဉ် ပြန်ပြီး သက်တမ်းတိုးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပေါ်မှာ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူမှုဥပဒေကို သက်တမ်းတိုးဖို့ အစီအစဉ်ရှိတယ်ဆိုတာကို သမ္မတအိုဘားမားက လွှတ်တော်ကို အသိပေးတာပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရင်းနှီးမြှုပ်နှံမှုတားမြစ်မှုကို ပြန်ရုပ်သိမ်းထားတာကို ပြန်နောက်ဆုတ်စေလိုတဲ့သဘောတော့ မဟုတ်ဘူး။ ဆိုတော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်တော့ ခွင့်ပြုထားဆဲပါ။ ဒါပေမဲ့ ယာယီရုပ်သိမ်းထားတာမဟုတ်တဲ့ ကန့်သတ်ချက်တွေကို ဆက်ရှိစေဖို့ ဒီ ဥပဒေကို ဆက် သက်တမ်းတိုးတာဖြစ်ပါတယ်။ ”

အထူးသဖြင့်တော့ စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ ကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ကန့်သတ်ထားတာဖြစ်တယ် လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ မြန်မာအပေါ် အရေးယူမှုတွေကို ဆိုင်းငံ့ထားရာမှာ လည်း အဲဒီ ဥပဒေတခုလုံးကိုမဟုတ်ဘဲ၊ အစိတ်အပိုင်းပဲဖြစ်တာမို့ ကျန်နေတဲ့ အရေးယူမှုတွေဟာ ဥပဒေအတိုင်း ဆက်ရှိနေဖို့လိုအပ်တာကြောင့် ဖြစ်တယ်လို့ Jennifer Quigley က ပြောပါတယ်။

“ဆိုင်းငံ့ထားတာက ဒီ ဥပဒေရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ အရေးယူမှု အားလုံးကို ဆိုင်းငံ့ထားတာ မဟုတ်ပါဘူး။ ဥပမာပြောရရင် ဒီ ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုအချို့ကိုတော့ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုတော့ ဆက်ပြီး တားမြစ်ထားပါတယ်။”

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံပတ်သက်လို့ ကန့်သတ်ချက်တွေ အရေးယူမှုတွေကို၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့အညီ ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ဖို့လည်း အစိုးရနဲ့ လွှတ်တော်အကြား မမြဲမပြတ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးအရာရှိတွေ က ပြောပါတယ်။

ကျန်နေတဲ့ အရေးယူမှုတွေကတော့ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးကို အနှောက်အယှက်ပေးမယ့် သူတွေအတွက် ပစ်မှတ်ထား ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဒီမိုကရေစီရေး အသွင်ကူးပြောင်း မှု ပြန်ပြီး နောက်မလှည့်သွားနိုင်အောင်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အားပေးဆောင်ရွက်သွားဖို့ကိုလည်း သန္နိဌာန် ချထားတယ်လို့ လွှတ်တော်ကို မနေ့က ရက်စွဲနဲ့ပေးပို့တဲ့ သမ္မတအိုဘားမားရဲ့ အကြောင်းကြားစာ ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG