သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား နိုင်ငံတော် အခြေပြမိန့်ခွန်း စီးပွားရေး ဦးစားပေးမည်


မနက်ဖြန် ဗုဒ္ဓဟူးနေ့ အမေရိကန် စံတော်ချိန် ညပိုင်း သမ္မတ အိုဘားမား ဟာ အမေရိကန် လွှတ်တော်ထဲကနေ တိုင်းပြည်အဝှမ်းကို နိုင်ငံတော် အခြေပြ မိန့်ခွန်းတရပ် ပြောဆိုဖို့ ရှိပါတယ်။ မနှစ်ကလိုပဲ ဒီနှစ်မှာလည်းပဲ အမေရိကန် စီးပွားရေးနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်၊ သူ့ရဲ့ အစီအစဉ်တွေကို အဓိကထား ပြောဆိုလိမ့်မယ်လို့ တွက်ဆရပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦး တင်ဆက်ပေးမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ ကြုံရတဲ့ အကြပ်အတည်းတွေ စိန်ခေါ်ချက်တွေကို ဘယ်လို ဖြေရှင်းမလဲ၊ သမ္မတတဦးအနေနဲ့ ဘယ်လို အစီအစဉ်တွေ ရှိထားသလဲဆိုတာကို အခုလို နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ သမ္မတတွေက ချပြ ရှင်းလင်းလေ့ ရှိပါတယ်။

အမေရိကန် လွှတ်တော်နှစ်ရပ်စလုံးက လွှတ်တော်အမတ်
တွေ ရှေ့မှောက် ပြောကြားတဲ့ ဒီမိန့်ခွန်းကို အမေရိကန်ပြည်ထောင်စု တဝှမ်းမှာလည်း ရုပ်သံတွေကတဆင့် နားဆင်နိုင်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားအနေနဲ့ မနက်ဖြန်ပြောမယ့် နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲမှာတော့ နိုင်ငံရဲ့ စီးပွားရေး ကိစ္စတွေကို အဓိက ရှင်းလင်း ပြောဆိုမယ်လို့ တွက်ဆရပါတယ်။

အထူးသဖြင့်ဆိုရင်တော့ အလုပ်အကိုင်သစ်တွေကို ဖန်တီးနိုင်ပြီး၊ လူလတ်တန်းစား လူဦးရေ တိုးများလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ သူ့အစီအစဉ်တွေကို ရှင်းလင်းပါ လိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က မနေ့က အိမ်ဖြူတော် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။

“အလုပ်အကိုင်သစ်တွေ ဖန်တီးဖို့နဲ့ လူလတ်တန်းစား ကြီးထွားလာအောင် ဘယ်လို လုပ်မလဲဆိုတဲ့ အစီအစဉ်ကို အခု သမ္မတရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲမှာ ကြားရဖို့ ရှိပါတယ်။ သမ္မတအနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းပြောဆိုမှုနဲ့ အခု နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောဆိုမှု နှစ်ခုစလုံးဟာ တနေရာတည်းမှာ ဒီပြကွက်နှစ်ခုကို ပြရသလို သမ္မတ က သဘောထားပါတယ်။ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းမှာ အခြား အကြောင်းအရာတွေကို အာရုံထား ပြောတာရှိပေမဲ့၊ အဓိက အလေးထား ပြောဆိုတဲ့ အကြောင်းအရာကတော့ ကွဲလွဲမှာ မဟုတ်ပါဘူး။ အတူတူဖြစ်ပါလိမ့်မယ်။”

“လူလတ်တန်းစားတွေအတွက် စီးပွားရေးကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်ချက်တွေကို ပြောမှာ ပါ။ လူလတ်တန်းစားဆိုတာ တိုင်းပြည်အတွက် မောင်းနှင်အားပါ။ အခွင့်ကောင်းတွေ ဖန်တီးပေးမယ်၊ လုပ်နိုင်ကိုင်နိုင်အောင် အခြေအနေတွေ ဖန်တီးပေးမယ်ဆိုရင် ၂၁ ရာစုကို ကျနော်တို့ ရှေ့လှမ်းနိုင် မှာပါ။”

သမ္မတ အိုဘားမားအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကပဲ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းပြောခဲ့ပြီး၊ အဲ့ဒီထဲမှာလည်း စီးပွားရေးနဲ့ အလုပ်အကိုင်သစ် ကိစ္စတွေကို ထည့်သွင်းပြောဆို ခဲ့ပါတယ်။

အခု နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲမှာ စီးပွားရေးကိစ္စအပြင်၊ လတ်တလော အမေရိကန် နိုင်ငံရေး မှာ ဆွေးနွေး ငြင်းခုံနေကြရတဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပြင်ဆင်မှုကိစ္စ၊ သေနတ် လက်နက် ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ကိစ္စ၊ သဘာ၀ ပတ်ဝန်းကျင်ကိစ္စ၊ နျူကလီယား လက်နက် လျှော့ချရေး ကိစ္စတွေကိုလည်း သမ္မတ အိုဘားမား ပြောဖွယ်ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ဆိုပါတယ်။

တနှစ်တခါ ပြောရတဲ့ ဒီနိုင်ငံတော် အခြေပြ မိန့်ခွန်းကိုတော့ သမ္မတ အိုဘားမားအနေနဲ့ မနက်ဖြန် အမေရိကန် စံတော်ချိန် ညပိုင်း လွှတ်တော် အဆောက်အအုံမှာ ပြောမှာဖြစ်သလို၊ ရုပ်သံတွေက လည်း တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်ပါတယ်။ မနှစ်တုန်းက သမ္မတ အိုဘားမားရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်မှာလည်း အမေရိကန် စီးပွားရေးကိစ္စကို အတော်လေး ဇောင်းပေး ပြောခဲ့ပါတယ်။

အဲ့ဒီတုန်းက အမေရိကန်နိုင်ငံတွင်း အသေးစားလုပ်ငန်းတွေကနေ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင် တယ်ဆိုတာကို နမူနာပြတဲ့အနေနဲ့၊ ဆူရှှီးဆိုင်ငယ်ပေါင်း ရာနဲ့ချီပိုင်တဲ့ မြန်မာလုပ်ငန်းရှင် ဦးဖီးလစ်မောင်ကို မိန့်ခွန်းပြောရာ လွှတ်တော်အထိ ဖိတ်ခေါ်ပြီး၊ ညွှန်းဆို ပြသခဲ့ပါတယ်။
XS
SM
MD
LG