သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အိန္ဒိယခရီးစတင်


အမေရိကန်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား စီးပွားဆက်ဆံရေးခိုင်မြဲဖို့နဲ့ ကမ္ဘာ့ရာသီတုပြောင်းလဲလာတဲ့ကိစ္စတွေကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ဆွေးနွေးဖို့ သမ္မတ Barack Obama ဟာ ဒီကနေ့စနေနေ့မှာ အိန္ဒိယနိုင်ငံကို ထွက်ခွာသွားပါပြီ။

အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင် အသက်ဝင်ပြီး သမ္မတနိုင်ငံစတင်ထူထောင်နိုင်ခဲ့တဲ့ အိန္ဒိယသမ္မတနိုင်ငံနေ့ နှစ်ပတ်လည်အခမ်းအနား ကိုလည်း ဇန်နဝါရီ ၂၆ ရက်နေ့မှာ သမ္မတအိုဘားမား တက်ရောက်မှာဖြစ်ပါတယ်။ အိန္ဒိယသမ္မတနိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ၁၉၅၀ ခုနှစ်ထဲကဆိုရင် သမ္မတအိုဘားမားဟာ ဒီအခမ်းအနားကို တက်ရောက်တဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်ပါလိမ့်မယ်။

အိန္ဒိယဝန်ကြီးချုပ် Modi ပြီးခဲ့တဲ့နှစ်တုန်းက Washington မြို့တော်ဆီ လာရောက်ခဲ့စဉ်မှာ နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်ဖို့ အမေရိကန် သမ္မတနဲ့ သမ္မတကတော်ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ သမ္မတအိုဘားမားဟာ နှစ်နိုင်ငံ ထိပ်သီးစည်းဝေးပွဲ ၁ ခုကို တက်ရောက်မှာ ဖြစ်သလို အမေရိကန်နဲ့အိန္ဒိယ စီးပွားရေးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ရှိပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အထင်ကရ Taj Mahal အဆောက်အဦးဆီကို အင်္ဂါနေ့မှာသွားဖို့ မူလကအစီအစဉ်ရှိပေမဲ့ အခုတော့ Saudi ဘုရင် Abdullah ကွယ်လွန် သွားတဲ့အတွက် သတင်းမေးဖို့ အိန္ဒိယခရီးစဉ်ကို တိုလိုက်ပြီး Saudi Arabia ကို လမ်းမှာ ဝင်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင် သမ္မတအိုဘားမား မိန့်ခွန်း တခုပြောပြီးတာနဲ့ အိန္ဒိယနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

သမ္မတအိုဘားမား လာမဲ့အတွက် New Delhi မြို့တော်မှာတော့ လုံခြုံရးအင်အား ၅ သောင်းလောက်ကို ဖြန့်ချထားပြီး တနင်္လာနေ့ သမ္မတနိုင်ငံနေ့ အခမ်းအနားလုပ်နေစဉ် လေယာဉ်မပျံသန်းရဇုံကိုလည်း သတ်မှတ်ထားပါတယ်။

XS
SM
MD
LG